• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့လှေနှင့် ကုန်တင်သင်္ဘော တိုက်မိပြီး သေဆုံးသူ ၆ ဦး ရှာဖွေတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့လှေနှင့် ကုန်တင်သင်္ဘော တိုက်မိပြီး သေဆုံးသူ ၆ ဦး ရှာဖွေတွေ့ရှိ

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြို့တော် ဒါကာမြို့အပြင်ဘက် Narayanganj ခရိုင်ရှိ မြစ်တစ်စင်းအတွင်း ခုတ်မောင်း သွားလာနေသော ကူးတို့လှေတစ်စင်းသည် မတ် ၂၀ ရက်တွင် အခြားကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိမှု ဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် မြစ်အတွင်း ရုပ်အလောင်း ၆ ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

Narayanganj ခရိုင်၏ ရဲတပ်ဖွဲ့အကြီးအကဲ Jayedul Alam က ခရိုင်အတွင်းရှိ Shitalakkhya မြစ်အတွင်း ခုတ်မောင်းနေသည့် “MV Afsar Uddin” အမည်ရှိကူးတို့လှေသည် ကုန်တင်သင်္ဘောကို ဝင်တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

 

“အခုအထိ အမျိုးသမီး ၃ ယောက်၊ ကလေး ၂ ယောက်နှင့် အမျိုးသား ၁ ဦး အပါအဝင် ရုပ်အလောင်း ၆ လောင်းကို ဆယ်ယူထားပါတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

ကူးတို့လှေသည် ခရီးသည် ၂၅ ဦးမှ ၃၀ ဦးခန့် သယ်ဆောင်လာပြီး မတ် ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၈၁၅) ဝန်းကျင်တွင် မြစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်အတွင်း လူတစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုထားသည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ Jayedul Alam က ပြောကြားခဲ့သည်။

 

သို့သော် ဒေသတွင်းမီဒီယာများက ပျောက်ဆုံးနေသူအရေအတွက်မှာ ဒါဇင်နှင့် ချီကြောင်း ဖော်ပြထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းနှင့်အတူ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်မြစ်ကြောင်း ရဲတပ်ဖွဲ့က “MV Rupshi-19” ကုန်တင်သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းထားပြီး ရေယာဉ်မှူးနှင့် သင်္ဘောသား ၈ ဦးကိုလည်း ချုပ်နှောင်ထားကြောင်း သိရသည်။

 

နစ်မြုပ်သွားသည့် ကူးတို့လှေပေါ်တွင် လိုက်ပါသွားသော ခရီးသည်များ၏ ထိတ်လန့်တကြား အော်ဟစ်အကူ အညီတောင်းခံနေသည့် ရုပ်သံဖိုင်သည် လူမှုမီဒီယာပေါ်တွင် ပြန့်နှံ့နေပြီး ယင်းမတော်တဆမှုဖြစ်ခဲ့ရသည့် ပေါ့ ဆမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေကြောင်းသွားလာရေး ဝန်ကြီးဌာနက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post