• Follow Us on
Latest News

Home ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့်မူများကို လိုက်နာကျင့်သုံးရန် သန္နိဌာန်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့်မူများကို လိုက်နာကျင့်သုံးရန် သန္နိဌာန်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၃၀

 

ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများကို တိကျစွာ လိုက်နာကျင့်သုံးလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဌာန်ထားရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပ သည့် (၁၈) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ အချုပ်အခြာ အာဏာတန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနဲ့ တူညီ ဆန္ဒစတဲ့ အခြေခံမူတွေကို တိကျစွာ လိုက်နာကျင့်သုံးလျက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဌာန် ထားရှိမှုကို ထပ်လောင်း အတည်ပြုပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ ငါး လုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတို့၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် အတည်ပြုမည့် ဘင်းမ်စတက်ပို့ ဆောင်ဆက်သွယ်မှု မြှင့်တင်ရေးစီမံချက်သည် ဒေသတွင်းပေါင်းစည်းနိုင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရုံသာမက ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒေသတွင်းအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းဆောင်ရွက်ရာတွင် အဖွဲ့ ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ်ရပ် ဖြစ်စေမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်ဒေသသည် သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်လေ့ ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် သင်တန်းများနှင့်  PANEX-21 ကဲ့သို့ ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ပေး လျက်ရှိသည့် အိန္ဒိယနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မတူကွဲပြားသော ဘာသာတရား၊ ယဉ်ကျေး မှုနှင့် ဓလေ့ထုံးစံများအပေါ် အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးရန်အတွက် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် (H.E. Professor Gamini Lakshman Peiris) က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

 

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ညီလာခံကို သီရိလင်္ကာနိုင်ငံမှာ မတ်လ ၂၈ ကနေ ၃၀ အထိကျင်းပနေလျက်ရှိဖြစ်ကြောင်း သိရသည်။

 

(unicode)


………………………………………

 


 


 


 


 


 


 


 



Share this post