• Follow Us on

Home မုံရွာမြို့နယ်တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သွားသူ (၃၁) ဦးအား ခံဝန်ဖြင့် အရေးယူ

မုံရွာမြို့နယ်တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သွားသူ (၃၁) ဦးအား ခံဝန်ဖြင့် အရေးယူ

Share this post

မုံရွာ၊ ဩဂုတ် ၂၀ (People Media)

 

မုံရွာမြို့နယ်တွင် ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သြဂုတ်လ ၁၄ ရက်နေ့မှစ၍ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေအိမ်ပြင်ပသို့ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ထွက်ခွာခြင်းမပြုရန် ထုတ် ပြန်ထားရှိပြီးဖြစ်ရာ ဩဂုတ်လ ၁၉ ရက်၌ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ နေအိမ် ပြင်ပထွက်ခွာသူ (၃၁) ဦးအား ခံဝန်ဖြင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တန့်ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မုံရွာမြို့တွင် ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် သေဆုံးလူနာများ လျော့ကျသွားစေရေးအတွက် ယနေ့ နေ့လည် ၁ နာရီအချိန်မှ စတင်၍ မုံရွာမြို့ပေါ်တွင် အဖွဲ့(၃)ဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအကြောင်းမဲ့ ထွက်ခွာမှုများမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူ (၃၁) ဦးကို ခံဝန်ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

 

“မုံရွာမြို့နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများနှင့် သေဆုံးလူနာများ လျော့ကျစေရေး စစ်ဆေးဆောင် ရွက်တဲ့အခါမှာ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူ (၃၁) ဦးကို ခံဝန်နဲ့ အရေးယူ ထားပါတယ်၊ ယခုကာလက ပညာပေးကာလဖြစ်တဲ့အတွက် ခံဝန်နဲ့အရေးယူပြီးတော့ ပြန်လွှတ်တာဖြစ်ပါ တယ်၊ နောက်တစ်ကြိမ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မုံရွာမြို့နယ်တွင် ယနေ့‌နေ့လည်ပိုင်းအချိန်၌ နယ်‌မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ကျောက္ကာလမ်း – ရွှေဇလုပ်အဝိုင်းမှ ဇောတိကမုန့်ဆိုင်အနီး၊ ဘိုးဘွားရိပ် သာ အဝိုင်းမှ ပြည်ထောင်စုလမ်း- ကျောက္ကာလမ်း – ရွှေဇလုပ်အဝိုင်းအထိကို အဖွဲ့(၁)မှ လည်းကောင်း၊ ကျောက္ကာ လမ်း ရေကူးကန်လမ်းမီးပွိုင့်မှ ရေကူးကန်လမ်းဗန္ဓုလလမ်းသာစည်လမ်းသာစည်မီးပွိုင့် အိုးဘိုတောင်အဝိုင်း ကန်သာယာလမ်းဇောတိက မီးပွိုင့်အထိကို အဖွဲ့(၂)မှ လည်ကောင်း၊ ဗိုလ်ချုပ်လမ်း ဆေးရုံကြီးအရှေ့မှ အလုံသံလမ်းဆုံ(နတ်နန်း)အထိကို အဖွဲ့(၃)မှ လည်းကောင်း သတ်မှတ်အချိန်အတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ထွက်ခွာမှုများမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

“မဖြစ်မနေ ကျန်းမာရေးအရတော့ အပြင်ထွက်သွားလာခွင့်ပြုမယ်။ ဒါပေမယ့် အပြင်ထွက်ရင်တော့ ဆေးရုံ၊ ဆေးခန်းအပြင်ထွက် သွားလာခွင့်ကဒ်ယူဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူတွေအတွက် လုပ်တာပါ။ အခု လိုလုပ်တာဟာ ပိုးတွေ့မှုလျော့ကျဖို့အတွက် ဆောင်ရွက်ရတာဖြစ်တယ်” ဟု ၎င်းက ထပ်မံပြောသည်။

 

မုံရွာမြို့နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်မှုများပြားလာခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ Stay at Home ဒေသအဖြစ်ကြေညာခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှင့် သေဆုံးမှု လျော့ကျခြင်းမရှိသောကြောင့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှစ၍ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အတွင်း မည်သူမျှ အပြင်သို့ ထွက်ခွာသွားလာခြင်းမပြုကြရန် ထုတ်ပြန်ထားသလို မြို့နယ်အတွင်းရှိ ဈေး ဆိုင်များအားလုံး သြဂုတ်လ ၁၄ ရက်နေ့မှစ၍ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ဆိုင်အားလုံးပိတ်ရန် ထုတ် ပြန်ထားကြောင်း သိရသည်။

 

ဓါတ်ပုံ – မုံရွာပြန်ဆက်

 

#PeopleMedia #မုံရွာမြို့ #COVID19

 

(unicode)


…………………………………………………….

 


 


 


 


 


 


 


 


 



Share this post