• Follow Us on

Home မုံရွာမြို့နယ်တွင် ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မုံရွာမြို့နယ်တွင် ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Share this post

ရွာ၊ ဇွန် ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်ထားသည်။

 

ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ မုံရွာမြို့၊ အင်းဖြတ်လမ်းတွင် မဒဲ့ဒဲ့ စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်းသိုဝှက်သယ်ဆောင်လာသော စိတ် ကြွရူးသွပ်ဆေးပြား ၃၉၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ၎င်းနေထိုင်သည့် မုံရွာတောင်ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၈၅၀ ပြား၊ စုစု ပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၄၅၂၄၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၃၁ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ထပ်မံစစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီခန့်တွင် ထန်းတောရပ်ကွက်ရှိ နိုင်ထူးအောင်နှင့် မဆု စန္ဒာထွန်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နိုင်ထူးအောင်အား မတွေ့ရှိဘဲ ဇနီးဖြစ်သူ မဆုစန္ဒာထွန်းအား လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီရမိသူ မဒဲ့ဒဲ့ (၃၇)နှစ်၊ မဆုစန္ဒာထွန်း (၃၁)နှစ်နှင့် နိုင်ထူးအောင်တို့အား မုံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

လှဆောင်

 

#PeopleMedia #မုံရွာ

 

(unicode)


……………………………

 


 


 


 


 


 


 


 



Share this post