• Follow Us on

Home မူးယစ်ဆေးဝါး လုပ်ကိုင်သည်ဟု ဆိုကာ KIA က အရပ်သားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

မူးယစ်ဆေးဝါး လုပ်ကိုင်သည်ဟု ဆိုကာ KIA က အရပ်သားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉ (People Media)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာမှ အရပ်သား ၄ ဦးအား မူးယစ်ဆေးဝါး လုပ်ကိုင်သည်ဟု ဆိုကာ KIA လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဟိုကပ်ကျေးရွာ တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သား ၄ ဦးမှာ ဦးအောင်သိန်း၊ ဦးမင်းမင်းဆန်၊ မောင်စိန်လင်း၊ ဒေါ်မေသူ တို့ ဖြစ်ပြီး ၎င်းတို့ကို (ဒီဇင်ဘာလ ၂၇) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဟိုကပ်ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“သူတို့ကို ညဆယ့်တစ်နာရီအချိန်လောက်က သူတို့ ခုနှစ်ယောက်အဖွဲ့က ဒီကို ကားတစ်စီးနဲ့ လာတယ် ရွာထဲကို ဝင်လာပြီးမှ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ လူတွေကို လိုက်ဖမ်းတယ်ဆိုပြီးမှ ခေါ်သွားတာပေါ့ ညတစ်နာရီ အချိန်လောက်မှာ သူတို့ပြန်ထွက်သွားတယ်။ အခုချိန်ထိတော့ သူတို့ ပြန်မလွတ်ပေးသေးဘူး”ဟု ကျေးရွာမှတာဝန်ရှိသူကပြောသည်။

လာရောက်ဖမ်းဆီးသည့် အဖွဲ့မှာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိကြောင်းနှင့် အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“လက်နက်တော့ မပါဘူး ဘတ်ဂွ တွေတော့ ကိုင်ထားကြတယ်။ ဘယ်အဖွဲ့အစည်း အနေနဲ့ လာဖမ်းလည်း ဆိုတော့ သူတို့ကတော့ KIA အဖွဲ့အနေနဲ့ လာဖမ်းတယ်လို့ ပြောတယ်” ဟု အမည်မဖော်လိုသည့် ဟိုကပ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သား ၄ ဦးမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြပြီး ဤသို့ ဖမ်းဆီး ခေါ်ဆောင်နေခြင်းမှာ အမျိုးသားရေးကို ထိခိုက်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါး ဆိုတာက ဘယ်အဖွဲ့အစည်းကမှ လိုလားတဲ့ ကိစ္စတော့ မဟုတ်ဘူးလေ။ မလိုလားကြတဲ့ အခါကြတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ရောင်းတာ ဝယ်တာ၊ လိမ်လည်တာ ဒါတွေက ဒုစရိုက် လောက မှာတော့ အင်မတန်မှ ဆိုးရွားပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှတော့ ဖမ်းတာ၊ စစ်တာ၊ ခေါ်တာတို့ကတော့ ဖြစ်မြဲဖြစ်မှာပဲလေ ဒါပေမယ့် KIA အနေနဲ့ ဖမ်းဆီးတဲ့အခါမှာ သူ့လူလည်းပါမယ် ကိုယ့်လူလည်းပါမယ်ဆိုတော့ ကိုယ်ကလည်း ကိုယ့်အမျိုးသားရေးကို ထိခိုက်မယ်ဆိုတော့ သုံးသပ်မှုမျိုးနဲ့ ပြောမယ် ဆိုရင်တော့ တော်တော်လေးတော့ မကောင်းဘူးလို့ ဆိုချင်ပါတယ်။” ဟု S.E.A အတွင်းရေးမှူး ဦးစိုင်းမျိုးဆွေက သုံးသပ်ပြောဆိုသည်။

KIA အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်မှုမျိုး ယခင်ကလည်းဖြစ်ပွားခဲ့ဖူးပြီး ယခင်ဖြစ်စဉ်များတွင် S.E.A အနေဖြင့် ညှိနှိုင်းဆောင် ရွက်ပေးခြင်း၊ ဤသို့ ဖမ်းဆီးသည့် အပေါ် သဘောထားထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်စာပို့ခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ၌ ယခု ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင်သွားခံရသည့် ဟိုကပ်ကျေးရွာမှ ဒေသခံ အရပ်သားများ ဖြစ်ကြသည့် ဦးအောင်သိန်းပါ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးတို့မှာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းအထိ ပြန်လည်လွှတ်မြောက်လာ ခြင်း မရှိသေးကြောင်း ဟိုကပ်ကျေးရွာ တာဝန်ရှိသူများထံက သိရသည်။

အောင်ပိုင်
#PeopleMedia #ဆင်ဘိုမြို့ #မြစ်ကြီးနားမြို့
#KIA

(unicode)


Share this post