• Follow Us on

Home မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်မိတ်ဆက်ပွဲသို့ NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ တက်ရောက်ခြင်းမရှိ

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သစ်မိတ်ဆက်ပွဲသို့ NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ တက်ရောက်ခြင်းမရှိ

Share this post

မွန်၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မွန်ပြည်နယ်လွှတ်တော်တတိယအကြိမ်တက်ရောက်မည့် ကိုယ်စားလှယ်သစ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်လွှတ်တော်၌ ကျင်းပရာတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ ကိုယ်စား လှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က People Media ကို အတည်ပြုပြောဆိုသည်။
“ဒီနေ့လွှတ်တော် မိတ်ဆက်ပွဲမှာ NLD ပါတီက အမတ်အဟောင်းတွေတော့တွေ့တယ်။ အနိုင်ရတဲ့ အမတ်သစ် တွေကတော့ တစ်ယောက်မှ မတွေ့မိဘူး” ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက People Media သို့ ပြောသည်။
လွှတ်တော်မိတ်ဆက်ပွဲအခမ်းအနားသို့ လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လက်ရှိပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာထိန်လင်းတို့ အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီမှ ကိုယ်စား လှယ်များ တက်ရောက်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
“မတက်ဖြစ်တာ ဘာကြောင့်လဲဆိုတော့ ကိုးရက်နေ့မှာ တတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်စရင် လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတွေ ရွေးမှာလေ။ အဲ့ဒီအချိန်မှာ ရောဂါတစ်ခုခုဖြစ်လို့ သွားမတက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရူံးသွားမှာပါ။ အဲ့ဒီမှာ တက်နိုင်ဖို့အတွက်ကို ကျန်းကျန်းမာ မာရှိဖို့ လိုအပ်တယ်လေ”ဟု NLD ပါတီမှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ ကျိုက်ထိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က People Media သို့ ပြောသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ လ ၉ ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေး တက် ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်အသစ်များထံ ပြီးခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း က ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များ၊ လုပ်ငန်းစဉ်များကို လွှဲပြောင်းပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်းစားလှယ်အချို့က ဆိုသည်။
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မိတ်ဆက်ပွဲ အခမ်းအနားကို မွန်ညီညွတ်ရေးပါတီ MUP အနိုင်ရကိုယ်စား လှယ် အားလုံးတက်ရောက်ခဲ့သလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
(unicode)
…………………………………………………………..

Share this post