• Follow Us on
Latest News

Home မြန်မာနိုင်ငံမှလက်နက်မဲ့ပြည်သူများကို ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းသည် လက်ခံနိုင်ဖွယ်ကိစ္စမဟုတ်ဟု G-7 အဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံမှလက်နက်မဲ့ပြည်သူများကို ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းသည် လက်ခံနိုင်ဖွယ်ကိစ္စမဟုတ်ဟု G-7 အဖွဲ့ထုတ်ပြန်

Share this post

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃(PeopleMedia)
မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရဆန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် လက်နက်မဲ့ပြည်သူများကို ကျည်အစစ်ဖြင့်ပစ်ခတ်သည့်လုပ်ရပ်ကို လက်ခံနိုင်စရာမရှိကြောင်း G-7 နိုင်ငံများအဖွဲ့က ထုတ်ပြန်သည်။
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များကကျူးလွန်ခဲ့သည့်အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊ အသက်ဆုံးရှုံးသူများအတွက် ၀မ်းနည်းမိကြောင်း ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ(အီးယူ)၏အထူးကိုယ်စားလှယ်အဖွဲ့တို့ပါ၀င်သော G-7 အဖွဲ့၏နိုင်ငံခြားရေး၀န်ကြီးများကထုတ်ပြန်သည်။
စစ်တပ်နှင့်ရဲများအနေဖြင့် ဖမ်းဆီးမှုများကိုအစွမ်းကုန်ရှောင်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့်နိုင်ငံတကာဥပဒေများကို လေးစားရမည်ဖြစ်ကြောင်းလည်းပြောသည်။
လက်နက်မဲ့ပြည်သူများကို ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်တုံ့ပြန်သူများကို တာ၀န်ခံရမည်ဖြစ်ကြောင်းလည်းပြောသည်။
ခြိမ်းခြောက်ခြင်းနှင့် အာဏာသိမ်းမှုကိုဆန့်ကျင်သူများကိုဖိနှိပ်ခြင်းကို ရှုတ်ချကြောင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကိုဖိနှိပ်သောဥပဒေပြောင်းလဲမှုများ၊ အင်တာနက်ဖြတ်တောက်မှုများအပါအ၀င် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအပေါ် ဖြိုခွင်းမှုများကို စိုးရိမ်မိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါ၀င်သည်။
ဆန္ဒထုတ်ဖော်သူများ၊ ဆရာ၀န်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သတင်းစာဆရာများကို စနစ်တကျပစ်မှတ်ထားခြင်းကို ရပ်ဆိုင်းရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေကြေညာထားခြင်းကို ရုတ်သိမ်းရမည်ဟုလည်း G-7 အဖွဲ့ကတိုက်တွန်းသည်။
ထို့အပြင် ထိခိုက်နစ်နာနိုင်ချေအများဆုံးလူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအပြည့်အဝပေးနိုင်ရန်အတွက် ဆက်လက်တောင်းဆိုမည်ဟုလည်း အသိပေးသည်။
မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို စုပေါင်းကာ ဆက်လက်ရှုတ်ချမည်ဖြစ်ကြောင်းလည်းပြောသည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့်တို့အပါအ၀င် မတရားဖမ်းဆီးထားသူများကို ချက်ချင်းအကန့်အသတ်မရှိပြန်လွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုကြောင်း ပြောသည်။
မြန်မာနိုင်ငံသားများ၏ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များတောင်းဆိုမှုများနှင့် ဆက်လက်ရပ်တည်မည်ဟုလည်း ကြေညာသည်။
Ref : Statement from the Foreign Ministers of Canada, France, Germany, Italy, Japan, the UK, and the US and the High Representative of the European Union
#PeopleMedia


Share this post