• Follow Us on

Home မြန်မာနိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၁၈၀ ကျော်လာဟု AAPP သတင်းထုတ်ပြန်

မြန်မာနိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၁၈၀ ကျော်လာဟု AAPP သတင်းထုတ်ပြန်

Share this post

ရန်ကုန် ၊ မတ် ၁၆ (People Media)

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုများကြောင်း အသက်သေဆုံးသူဦးရေ ၁၈၀ ကျော်လာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မတ် ၁၅ ရက်ပါ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

ကောက်ယူထားသော စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ဦးရေ ၁၀၀ ကျော်အထိရှိပြီး လှိုင်သာယာမြို့နယ် မှ အများဆုံးဖြစ်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီး တွင် သေဆုံးသူ ဦးရေ (၃၀) ကျော် နှင့် မွန်ပြည်နယ် တွင် (၂) ဦး ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၅) ဦး ၊ နေပြည်တော်တွင် (၁) ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် (၃) ဦး ၊ မကွေးတိုင်းဒေသကြီး တွင် ( ၁၁) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ( ၁၀) ဦး ရှမ်းပြည်နယ်တွင် (၁) ဦး ကချင်ပြည်နယ်တွင် (၂)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁) ဦး စသည့် မြို့များ မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံသူ စာရင်းအရေအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ သေဆုံးသူ အရေအတွက်ဖြစ်ပြီး စာရင်းကောက်ယူ၍ မရရှိသော သေဆုံးသူများလဲရှိနေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

၎င်းအပြင် နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဆန္ဒပြမှုများတွင် ဖမ်းဆီးခံရသူဦးရေ ၂၁၇၅ ဦးအထိရှိပြီး ယင်းအနက် လူဦးရေ ၃၀၀ ကျော်ကိုသာပြန်လည် လွတ်ပေးမှုရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။

ယမန်နေ့က အကြမ်းဖက်ဖြိုခွင်းမှုဒဏ်ကို အပြင်းထန်ဆုံးရင်ဆိုင်ခဲ့ရသော လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ခြောက်ခု (ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် မြောက်ဥက္ကလာပ)တို့အား စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကို ကျင့်သုံးရန် ထုတ်ပြန် ကြေညာထားပြီး အဆိုပါ မြို့နယ်များ၌ စစ်ခုံရုံး နှင့် စစ်ဆေးစီရင်နိုင်သည့် ပြစ်မှု ၂၃ ခုကို ထုတ်ပြန်ထားသည်။

#PeopleMedia #AAPP.


Share this post