• Follow Us on

Home ယီမင်သူပုန်များ ဗလီတစ်လုံးကို ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၂၂ ဦးသေဆုံး

ယီမင်သူပုန်များ ဗလီတစ်လုံးကို ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၂၂ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂ (People Media)

 

ယီမင်နိုင်ငံ မာရစ်မြို့ရှိ ဗလီတစ်ခုကို ဟူသီသူပုန်များက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူဦး ရေ ၂၂ ဦး သေဆုံးခဲ့ကြောင်း ယီမင်အရာရှိများက အောက်တိုဘာလ ၁ ရက်နေ့ကပြောသည်။

 

“အယ်ဂျောဘာခရိုင် မာရစ်မြို့မှာရှိတဲ့ ဗလီတစ်ခုကို ဟူသီသူပုန်တွေ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ က လေးတွေအပါအဝင် ၂၂ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။” ဟု ယီမင်တပ်မတော်အရာရှိတစ်ဦးက AFP သတင်းဌာနသို့ပြောသည်။ တိုက်ခိုက်ခံရသောဗလီမှာ ဘာသာရေးကျောင်းလည်းဖြစ်ကြောင်း အမည်မ ဖော်လိုသည့် အဆိုပါအရာရှိကပြောသည်။

 

ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ၂၉ ဦး သေဆုံးခဲ့ကြောင်း ယီမင်အစိုးရပြန်ကြားရေးဝန်ကြီး မိုရ်မာအယ်လ်အယ်ရီးယာနီက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

 

“ဒီကြောက်မက်ဖွယ်ရာကောင်းတဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ အကြမ်းဖက်ဟူသီစစ်သွေးကြွအဖွဲ့တွေ ကျူးလွန်တဲ့ အရပ်သားတွေကို စနစ်တကျသတ်ဖြတ်မှုတွေထဲက လူသတ်မှုကြီးတစ်ခုပါပဲ။” ဟု ၎င်းက တွစ် တာတွင် အင်္ဂလိပ်လိုရေးသားဖော်ပြခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟူသီသူပုန်များထံမှ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားချက်များထွက်ပေါ်မလာ သေးပေ။ အီရန်နိုင်ငံကထောက်ပံ့ထားသည့် ဟူသီသူပုန်များနှင့် ဆော်ဒီနိုင်ငံကဦးဆောင်သည့် ညွန့်ပေါင်းတပ် မတော်ကထောက်ပံ့ထားသော ယီမင်အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်ကြားမှ အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

 

အောက်တိုဘာလ ၂၈ ရက်နေ့က ဟူသီသူပုန်များ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းမှာ အယ်လ်ဂျော်ဘာရှိ လူမျိုးနွယ်စုတစ်စု၏ခေါင်းဆောင်အိမ်ကို ထိမှန်ခဲ့ရာ ကလေးသူငယ်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း ယီမင်တပ်မတော်အရာရှိများနှင့် ဆေးဝန်ထမ်းအရာရှိများကပြောသည်။

 

ရေနံကြွယ်ဝသည့် မာရစ်ပြည်နယ်၏မြို့တော်ဖြစ်သော မာရစ်မြို့မှာ ယီမင်နိုင်ငံမြောက်ပိုင်းတွင် အစိုးရတပ်၏ နောက်ဆုံးခံတပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသည့်မြို့ဖြစ်သည်။

 

ဟူသီသူပုန်များသည် ဖေဖော်ဝါရီလအတွင်းက အဆိုပါမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် အဓိကထိုးစစ်ကြီးတစ်ခု ကို ဆင်နွှဲခဲ့ရာ ခေတ္တအနားယူပြီးနောက် မကြာသေးမီသီတင်းပတ်များအတွင်းက ပြန်လည်ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း မာရစ်မြို့ကို ဝိုင်းထားပြီးသားအခြေအနေရောက်လုနီးပါး တိုက်ခိုက်နိုင် ခဲ့ကြောင်း သူပုန်များက ပြောဆိုခဲ့သည်။

 

ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက မာရစ်မြို့ကို ကာ ကွယ်ရန်အတွက် ဟူသီသူပုန်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

 

ယင်းအချိန်ကတည်းက အယ်လ်ဂျော်ဘာနှင့် အခြားခရိုင်နှစ်ခုတွင် ဟူသီသူပုန် ၂၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ညွှန့်ပေါင်းတပ်ဖွဲ့ဝင်များကပြောသည်။ ကျဆုံးမှုနှင့်ပတ်သက်၍ ဟူသီသူပုန်များဘက်က တုံ့ပြန်ပြောကြားခြင်း မ ရှိသလို AFP သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

 

ယီမင်ပြည်တွင်းစစ်မှာ ၂၀၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များက ယီမင်တပ်မတော်ကိုကာကွယ်ရန် စစ်ပွဲအတွင်းသို့ဝင်ရောက်လာခဲ့သည်။ စစ်ပွဲကာလအတွင်း လူပေါင်းထောင် ချီသေဆုံးခဲ့ပြီး လူပေါင်းသန်းချီ၍ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရသည်။

 

Ref: Yemen Rebel Strike on Mosque Kills at Least 22: Officials

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Yemen Rebel Strike on Mosque Kills at Least 22: Officials

 

#PeopleMedia


Share this post