• Follow Us on

Home ယူကရိန်းတစ်နိုင်ငံလုံးကို ရုရှားကကျူးကျော်တိုက်ခိုက်မည်ဆိုပါက လက်ရှိနယ်စပ်တွင် တပ်စွဲထားသည့် အင်အားထက် ငါးဆ လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးကောင်စီအတွင်းရေးမှူးပြော

ယူကရိန်းတစ်နိုင်ငံလုံးကို ရုရှားကကျူးကျော်တိုက်ခိုက်မည်ဆိုပါက လက်ရှိနယ်စပ်တွင် တပ်စွဲထားသည့် အင်အားထက် ငါးဆ လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးကောင်စီအတွင်းရေးမှူးပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

ယူကရိန်းနိုင်ငံတစ်နိုင်ငံလုံးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် လက်ရှိယူကရိန်း နယ်စပ်တွင် တပ်ဖြန့်ချထားသောအင်အားထက် အင်အားငါးဆလိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ အမျိုး သားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (NSDC) အတွင်းရေးမှူး အိုလက်ဆီဒါနီလဗ်ကပြောကြားလိုက်သည်။

 

“ရုရှားတပ်ဖွဲ့ဝင်တွေ တကယ့်အင်အား အလုံးအရင်းနဲ့ စုဖွဲ့နေတာမျိုး မမြင်ရသေးပါဘူး။ တပ်တချို့ လှုပ်ရှားမှု တွေတော့ရှိတာပေါ့။ ဒါပေမဲ့လည်း အဲဒီလောက်လှုပ်ရှားမှုကတော့ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး။ တကယ်လို့ ယူကရိန်းတစ်နိုင်ငံလုံးကို ကျူးကျော်တိုက်ခိုက်ဖို့ဆိုရင်တော့ လက်ရှိတပ်ဖြန့်ထားတဲ့အင်အားထက် သုံးလေးဆ၊ ငါးဆလောက် လိုပါလိမ့်မယ်။” ဟု အိုလက်ဆီဒါနီလဗ်ကပြောသည်။

 

သို့သော် ကျူးကျော်တိုက်ခိုက်နိုင်သည့် ခြိမ်းခြောက်မှုမှာ ယခုအချိန်ထိ ရှိနေသေးဆဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်လာပါက လိုအပ်သည့်တုံ့ပြန်မှုများဆောင်ရွက်သွားမည်ဆိုသည်ကို နိုင်ငံအများအပြားက သတိပေးထားကြသည့်အတွက် ပြဿနာမှာ ပိုမိုနက်ရှိုင်းလာကြောင်း ဒါနီလဗ်ကပြောသည်။

 

ရုရှားနိုင်ငံက အင်အားအလုံးအရင်းဖြင့် ကျူးကျော်တိုက်ခိုက်လာပါက လေကြောင်းတိုက်ခိုက်မှုများနှင့် အခြား သံတမန်ဆက်ဆံရေး၊ သတင်းအချက်အလက်များဖြန့်ဝေရေး၊ စစ်ဘက်ဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးကိစ္စ များလည်းပါဝင်ပတ်သက်လာမည်ဖြစ်ပြီး ယင်းကိစ္စများမှာ ယူကရိန်းနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

 

“ကျွန်တော်တို့မှာ ရန်သူကိုရင်ဆိုင်ဖို့အတွက် လက်နက်/ခဲယမ်းအလုံအလောက်ရှိပါတယ်။ နောက်ထပ်စဉ်းစား စရာအချက်က အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်လာပြီး လေကြောင်းအသုံးပြုမှုတွေပါလာပြီဆိုရင် တခြား သံတမန်ဆက်ဆံရေး၊ သတင်းအချက်အလက်များဖြန့်ဝေရေး၊ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေနဲ့  စီးပွားရေး ကိစ္စတွေကိုလည်း အသုံးပြုမှာဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လိမ့်မယ်။ ဒါ ပေမဲ့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့မြေကို ကျွန်တော်တို့ ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် တို့ ဒီနိုင်ငံကနေ ထွက်ပြေးသွားဖို့ အစီအစဉ်မရှိပါဘူး။” ဟု ၎င်းကပြောသည်။

 

ရုရှားနိုင်ငံအနေဖြင့်  အမေရိကန်ပြည်ထောင်စုနှင့် ညှိနှိုင်းပြီး မိမိနိုင်ငံအတွက် အားထားလောက်သည့်ရေရှည် လုံခြုံရေးအာမခံချက်ရရှိအောင် နည်းလမ်းများရှာဖွေနေကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာလ အစောပိုင်းက ပြောသည်။

 

လုံခြုံရေးအာမခံချက်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ညှိနှိုင်းဆွေးနွေးမှုမှာ နှစ်သစ်ကူး ရုံးပိတ်ရက် များနောက်ပိုင်းတွင် ဖြစ်လာမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က အစောပိုင်းကာလ တွင်ပြောဆိုခဲ့သည်။

 

နျူကလီးယားလက်နက်များထိန်းချုပ်ရေး/ ယူကရိန်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံမှုများတင်းမာလာ မှုများအရေးတို့ကို အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း အနောက်တိုင်း သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

 

Ref: For full-scale invasion, Russia needs five times more troops than are now near Ukraine’s borders, – Defense Council

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: For full-scale invasion, Russia needs five times more troops than are now near Ukraine’s borders, – Defense Council

 

#PeopleMedia


Share this post