• Follow Us on

Home ရခိုင်ပြည်နယ် မြို့နယ် (၃) မြို့နယ်တွင် ပထမဆုံးလေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်မည်

ရခိုင်ပြည်နယ် မြို့နယ် (၃) မြို့နယ်တွင် ပထမဆုံးလေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်မည်

Share this post

နေပြည်တော်၊ မတ်၂

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံ ကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

စွမ်းအင်ဖူလုံမှုသည်   နိုင်ငံသားအားလုံးအတွက် အဓိကကျပြီး စွမ်းအင်အရင်းအမြစ်များမှာ အကန့်အသတ် ဖြင့်သာ တည်ရှိနေပါကြောင်း၊ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာမှာ လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်း  ၁၀၀ မဂ္ဂါဝပ်၊  သံတွဲ လေအား လျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို  အကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံသားပိုင် PRIMUS ၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့အနေဖြင့် MOA ကို လက်မှတ်ရေးထိုးပြီးနောက် ဆောင်ရွက်ရန် ကိစ္စ များစွာရှိနေပါကြောင်း၊  စီမံကိန်းဆောင်ရွက် ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ် ပါကြောင်း၊ စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် အောင် ဆောင်ရွက်သွားကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က မြန်မာ နိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအား လျှပ်စစ်စီမံကိန်းများဖြစ်သည့်အတွက် တရုတ်-မြန်မာ  လျှပ်စစ် ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုပမာဏသည် ကီလိုဝပ်နာရီ  သန်း ၄၀၀ အထိ ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာ့လေစွမ်းအင်ထုတ်လုပ်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိပြီး ကမ္ဘာ့ အဆင့် (၁) လေအားလျှပ်စစ် ထုတ်လုပ်သူ အဖြစ် နှစ်ပေါင်းများစွာ ဆက်လက်ရပ်တည်လျက်ရှိပါ ကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက်  တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကုမ္ပဏီများ၏ ကြိုးပမ်းဆောင်ရွက်ဖှုများကို ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 

#PeopleMedia


Share this post