• Follow Us on

Home ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ၂၀၀ ကျော်အထိရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၄ ဦးအထိရှိလာ

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ၂၀၀ ကျော်အထိရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၄ ဦးအထိရှိလာ

Share this post

ကလေး၊ ဇူလိုင် – ၁၄ (People Media)

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်အထိရှိနေပြီဖြစ်ကြောင်း ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာကပြောသည်။

ရိခေါ်ဒါရ်မြို့တွင် Test kit ဖြင့် သံသယလူနာ ၁၈၂၆ ဦးကို ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစတင်၍ ဇူလိုင်လ ၁၃ ရက်နေ့အထိ စစ်ဆေးခဲ့ရာ ၂၉၁ ဦးအား ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရိခေါ်ဒါရ်မြို့မှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့မှုက အရင်စတွေ့တုန်းက တစ်နေ့ကို ၃၀ ကျော်လောက်အထိရှိ တယ်။ အခုရက်ပိုင်းမှာတော့ တစ်နေ့ကို ၁၀ ယောက် ဝန်းကျင်လောက်ရှိတယ်။ နည်းနည်းလေးတော့ ပိုး တွေ့တာက လျော့လာပါတယ်” ဟု ဒေါက်တာစန်းမာကပြောသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာများထဲတွင် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၅၅ ဦးရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၄ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

“ကိုဗစ်ကြောင့် သေဆုံးလူနာ လေးယောက်ရှိပါပြီ။ အဲဒီသေဆုံးသူတွေမှာ ရောဂါအခံရှိကြတယ်။ အဲဒီ ၄ ယောက်ထဲက ၃ ယောက်အသက်ကြီးပိုင်းအရွယ်ပါ။ အသက် ၃၀ကျော်က တစ်ယောက်ပါတယ်” ဟု ၎င်းကပြောသည်။

ယခုလက်ရှိ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာများကိုတော့ နေအိမ်၌ အသွားအလာကန့်သတ်၍ ဆေးကုသမှုပေးနေသလို ပြင်းထန်လူနာရှိမှသာ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ထားရှိ၍ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှုများပြားလာခြင်းကြောင့် ထိန်းချုပ်သည့်အနေဖြင့် မြို့ခံလူငယ်များ၏အစီအစဉ်ဖြင့် ဇွန်လ ၂၆ ရက်နေ့မှစ၍ Lock down ချမှတ်ထားခြင်းဖြစ်သည်။

ကိုဗစ်ရောဂါပိုးကူးစက်မှုများပြားလာခြင်းကြောင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်နှင့် တီးတိန် မြို့နယ်တို့ကို Stay at home ဒေသအဖြစ် ဇွန်လ ၅ ရက် မနက် ၄ နာရီအချိန်မှစ၍ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ကြေညာထားကြောင်း သိရသည်။

သူရိယထက်

#PeopleMedia #COVID19

(unicode)


……………………………………………………….











#PeopleMedia #COVID19


Share this post