• Follow Us on

Home ရှမ်းနီလက်နက်ကိုင် အဖွဲ့အစည်းမှ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ခံ ၃ဦး ကို ဖမ်းဆီးခေါ်ဆောင်

ရှမ်းနီလက်နက်ကိုင် အဖွဲ့အစည်းမှ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ခံ ၃ဦး ကို ဖမ်းဆီးခေါ်ဆောင်

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉ (People Media)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖါးကန့်မြို့နယ် ဟောင်ပါးကျေးရွာ အုပ်စု၊ ဆယ်ဇင်းကျေးရွာ အတွင်းက ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ခံ ၃ဦးကို ရှမ်းနီလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် (SNA၊ ရှမ်းနီတပ်မတော်) ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဟောင်ပါးကျေးရွာ အုပ်စု ဒေသခံတစ်ဦးထံမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၂နာရီလောက်က ဆယ်ဇင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ခံ သုံးဦးအား (SNA) လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဟောင်ပါးကျေးရွာအုပ်စုအတွင်း နေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ရှမ်းနီလက်နက်ကိုင်အဖွဲ့ကလို့ ပြောတယ် ဘာကြောင့် ဖမ်းသွားတယ် ဆိုတာတော့ သေချာတော့မသိဘူး ဖမ်းသွားတာတော့ ဟုတ်တယ် ရပ်ကွက် ဆယ်အိမ်မှူး နှစ်ဦးရယ်၊ ကျေးရွာ တာဝန်ခံတစ်ဦး စုစုပေါင်း သုံးယောက်ပါ အဲ့အထဲမှာ ရှမ်းတစ်ဦး၊ ဗမာနှစ်ဦး ပါသွားတယ် “ဟု ၎င်းကပြောသည်။

ရှမ်းနီလက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ဟောင်းပါးကျေးရွာ အုပ်စုအတွင်း၌ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းနှင့် ယမန်နေ့က ဖမ်းဆီးခံရသူ သုံးဦးတွင် ယနေ့အထိ တစ်ဦးမှ ပြန်လည် လွှတ်မြောက်ခြင်း မရှိသေးကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) သို့ EPN က ဆက်သွယ် မေးမြန်းရာတွင် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရှိသေးကြောင်းနှင့် ယင်းသတင်းနှင့် ပတ်သက်၍ စုံစမ်းဆဲ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆယ်ဇင်းကျေးရွာက ရပ်/ကျေး တာဝန်ရှိသူများ ဖမ်းဆီး ခေါ်ဆောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တိုင်တန်းမှုများ ရှိလာပါက (S.E.A) အနေနှင့် တရားဝင် စာထုတ်ပြန်သွားမည် ဖြစ်ကြောင်း S.E.A အတွင်းရေးမှူး ဦးစိုင်းမျိုးဆွေက ဆိုသည်။

“ဟုတ်ကဲ့ ကျနော်တို့လည်း သတင်းကိုကြားတော့ ကြားတယ် သတင်းအတိကျ မရသေးဘူး အဲ့ဒီဘက်မှာက အဖွဲ့စည်းက သုံးဖွဲ့ရှိတယ်ဗျာ၊ ဘယ်အဖွဲ့စည်းက ဖမ်းသွားတယ်တော့ အတိကျမသိသေးဘူး စုံစမ်းနေတယ် နောက်ပြီးတော့ အခုဖမ်းဆီးခံရသူ မိဘဆွေမျိုးများက တိုင်တန်းလာရင်တော့ လက်နက်ကိုင် ဘယ် အဖွဲ့အစည်းကို ဖြစ်စေ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် တရားဝင် စာထုတ်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဆယ်ဇင်းကျေးရွာ အုပ်စု၌ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်လည်လွတ်မြောက်နိုင်ရန် အတွက် သက်ဆိုင်ရာ နယ်မြေခံဌာနဆိုင်ရာများက ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဇူလိုင်လအတွင်းက ဆယ်ဇင်းကျေးရွာမှ ကျောင်းသား ၂ ဦးအား ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်နှင့် လည်းကောင်း၊ ထို့အပြင် ကျေးရွာအတွင်း ကေအိုင်အေက ဆပ်ကြေးကောက်သည့် ဖြစ်စဉ်များနှင့် ဆက်စပ်မှု ရှိနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြသည်။

ဆယ်ဇင်းကျေးရွာအတွင်း ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်မှုသည် ယခုတစ်ကြိမ် အပါအဝင် နှစ်ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး ပထမတစ်ကြိမ်မှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက ဆယ်ဇင်းကျေးရွာတွင် တက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်သန့်ဇင်အောင်နှင့် နဝမတန်းကျောင်းသား မောင်မျိုးဇော်ဦးတို့ နှစ်ဦးအား ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

သတင်း – မင်းပိုင်

ဓါတ်ပုံ – ဆယ်ဇင်းသတင်း (Facebook)

#PeopleMedia #ရှမ်းနီလက်နက်ကိုင်အဖွဲ့

(unicode)


Share this post