• Follow Us on

Home သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းခံရ

သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းခံရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈ (People Media)

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်းအဆောက်အဦးများနှင့် ဆက်စပ်အဆောက်အဦများ ဆောက်လုပ်ရာ၌ အသုံးပြုရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ခွဲ သားများအား လျှောက်ထားဝယ်ယူခဲ့သည့်ကိစ္စတွင် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများ အပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တော စီမံကိန်းတွင် အသုံးပြုရန်အတွက် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊ ပျဉ်းကတိုး၊ ပိတောက်သစ် စုစုပေါင်း ၁၇၂. ၀၇၆၄ တန်ကို ရောင်းချပေးရန် နှစ်ကြိမ်လျှောက်ထားမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချပေးရန် မြန်မာ့ သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံ ညွှန်ကြားခဲ့ခြင်း၊ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးတွေ့ရှိချက်အရ မြန်မာ့သစ်လုပ်ငန်းက ရောင်းချထားသည့်ဈေးနှုန်းနှင့် တင်ဒါအောင် ဈေးနှုန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းဦးစီးဌာနတို့၏ ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်တွက်ချက်မှုများအရ နိုင်ငံတော်အနေဖြင့် စုစု ပေါင်း ငွေကျပ်သန်း ၁၀၀ ကျော်ခန့် နစ်နာမှုရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စား မှုကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

#PeopleMedia #ဦးအုန်းဝင်း

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post