• Follow Us on

Home အသင်းဝင်ကြေး ပြန်လည်ပေးသွင်းပြီးဖြစ်၍ “ပုံမှန်နည်းလမ်းအရ” ကုလသမဂ္ဂတွင် မဲပေးခွင့်ပြန်ရပြီဟု အီရန်ပြော

အသင်းဝင်ကြေး ပြန်လည်ပေးသွင်းပြီးဖြစ်၍ “ပုံမှန်နည်းလမ်းအရ” ကုလသမဂ္ဂတွင် မဲပေးခွင့်ပြန်ရပြီဟု အီရန်ပြော

Share this post

နိုင်ငံတကာ ၊ ဇန်နဝါရီ ၂၄ (People Media)

 

ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးသွင်းရန် ကျန်ရှိနေသော အသင်းဝင်ကြေးကြွေးကျန်များကို တောင်ကို ရီးယားနိုင်ငံ၌ ထိန်းချုပ်ခံထားရသည့် အီရန်ရန်ပုံငွေများမှတဆင့် ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်၍ အီရန်နိုင်ငံ အနေဖြင့် မဲပေးခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ထုတ် ဖော်ကြေညာခဲ့သည်။

 

နယူးယောက်မြို့တွင် အီရန်၏ အသင်းဝင်ကြေးကြွေးကျန်များကို လက်ခံရရှိပြီးပြီးချင်းမှာပင် နိုင်ငံ၏ မဲပေးပိုင်ခွင့်သည် ပုံမှန်နည်းလမ်းအရ ပြန်လည်ရရှိစေရမည်ဖြစ်ကြောင်း သံအမတ်ကြီး Majid Takht-Ravanchi က ဇန်နဝါရီ ၂၂ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင်း IRNA သတင်းဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

 

အီရန်နိုင်ငံ၏ အသင်းဝင်ကြေးပေးသွင်းရန် နှောင့်နှေးနေသည့်  ကြွေးကျန် အမေရိကန်ဒေါ်လာ ၁၈ သန်းကို တောင်ကိုရီးယားနိုင်ငံတွင် ထိန်းချုပ်ထားသည့် အီရန်ရံပုံငွေမှတဆင့် ကုလသမဂ္ဂသို့ ပေးသွင်းလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

 

အစောပိုင်းတွင် Takht-Ravanchi က IRNA သတင်းဌာနသို့ပြောကြားရာ၌ ကုလသဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံ၏ မဲပေးပိုင်ခွင့် ဆိုင်းငံ့ခံထားရခြင်းကို ရုပ်သိမ်းပေးရန်အတွက် အီရန်အစိုးရ နှင့် ကမ္ဘာ့အဖွဲ့အစည်း(ကုလသမဂ္ဂ) အကြား ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း နှင့် ကုလသမဂ္ဂသို့ ၎င်း၏ အဖွဲ့ဝင်ကြေးကို ပေးသွင်းသွားမည်ဖြစ်ကြောင်း ၊ ဆွေးနွေးမှုများသည် မကြာမီအတွင်း ရလဒ်ကောင်းများကို ဆောင်ကြဉ်ပေးလိမ့်မည်ဟု ‌မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ၏ တက်ကြွသောအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရန်နိုင်ငံအနေဖြင့် ၎င်း၏ အဖွဲ့ဝင်ကြေးကို သတ်မှတ်အချိန်အတွင်းပေးဆောင်ရန် အစဉ်တစ်စိုက်ကတိပြုခဲ့ပြီး ယင်းကိုလက်တွေ့ကျကျပြုမူဆောင်ရွက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံသည် ၎င်း၏ အဖွဲ့ဝင်ကြေးပေးသွင်းမှုတွင် နှစ်နှစ်ဆက်တိုက် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ၊ ယင်းမှာ လူသားချင်းစာနာထောက်ထားမှု အသုံးအဆောင်ပစ္စည်းများနှင့်ဆေးဝါးများဝယ်ယူရန် အီရန်၏ ဆောင်ရွက်ချက်ကို အားနည်း ယုတ်လျှော့စေရုံမျှသာမ ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာကို အခက်အခဲအဟန့်အတားလည်းဖြစ်စေခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

 

အီရန်နိုင်ငံပိုင်ဆိုင်သော ငွေကြေး အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို တောင်ကိုရီးယားနိုင်ငံ ဘဏ်နှစ်ခုက ထိန်းချုပ်မှုပြုလုပ်ထားသည်။

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အသင်းဝင်ကြေးပေးသွင်းရန် နှောင့်နှေးနေသည့် အီရန် နှင့် အခြား နိုင်ငံပေါင်း ၇ နိုင်ငံ၏ ကုလသမဂ္ဂ၌ မဲပေးခွင့်ကို ဆိုင်းငံ့ထားလိုက်ကြောင်း ယခုလအစောပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

နိုင်ငံရပ်ခြားတွင် အပ်နှံထားသည့်အီရန်ပိုင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ ပြီးခဲ့သောနှစ်တွင် အီရန်သည် အသင်းဝင်ကြေးထည့်သွင်းနိုင်ခြင်းမရှိသဖြင့် ကုလသမဂ္ဂ၌ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

 

ယခင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် အီရန်၏ ၂၀၁၅ နျူကလီးယားသဘောတူညီချက်မှ အမေရိကန်က တစ်ဖက်သတ်နုတ်ထွက်လိုက်ချိန် ၂၀၁၈ ခုနှစ်မှစတင်ကာ အမေရိကန်သည် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

 

၂၀၂၁ ခုနှစ် ဧပြီကတည်းက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပသည့်   အီရန် နှင့် ရုရှား ၊ တရုတ် ၊ ဗြိတိန် ၊ ပြင်သစ် နှင့် ဂျာမနီအပါအဝင် ကျန်ရှိနေသော နိုင်ငံများအကြား ပူးတွဲဘက်စုံအရေးယူဆောင်ရွက်မှုအစီအစဉ်(Joint Comprehensive Plan of Action ) ဟု တရားဝင်ခေါ်ဆိုသည့် နျူကလီးယားသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲစကားဝိုင်းကို အမေရိကန် နိုင်ငံက တိုက်ရိုက်မဟုတ်သည့် နည်းလမ်းဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 



Share this post