• Follow Us on
Latest News

Home အာဖဂန်တပ်မတော်ပြိုကွဲမှု အမေရိကန်ကို အံ့အားသင့်စေခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

အာဖဂန်တပ်မတော်ပြိုကွဲမှု အမေရိကန်ကို အံ့အားသင့်စေခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အလျင်အမြန်အာဏာသိမ်းပိုက်လိုက်ခြင်းကြောင့် အမေရိကန်စစ် ခေါင်းဆောင်များ အံ့သြသွားကြကြောင်း အမေရိကန်ထိပ်တန်းစစ်ခေါင်းဆောင်များက ဝန်ခံပြီး အစ္စလာမ်မစ် အစိုးရအနေဖြင့် အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်မဖြတ်မည်ကို စိုးရိမ်ပူပန်မိကြောင်း ပြော ကြားလိုက်သည်။

 

“တိုင်းပြည်တည်ဆောက်ရေးအတွက် ကျွန်တော်တို့ ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံကို ပုံမ ဖော်နိုင်ပါဘူး။” ဟု ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်ကပြောသည်။ ကာကွယ်ရေးဝန်ကြီးသြစတင် က အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များပြန်လည်ဆုတ်ခွာခြင်းနှင့် ဘေးကင်းလုံခြုံရာသို့ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ၏ ကြားနာပွဲတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“သေနတ်တစ်ချက်မဖောက်လိုက်ရဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့နဲ့ ကျွန်တော်တို့မိတ်ဖက်နိုင်ငံ တွေက လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အာဖဂန်တပ်မတော် ပြိုကွဲပျက်စီးသွားတာဟာ ကျွန်တော်တို့အားလုံးကို အံ့ အားသင့်သွားစေပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဖဂန်တပ်မတော်ကို စစ်လက်နက်အသုံးအဆောင်ပစ္စည်းများ၊ လေယာဉ် များနှင့် ၎င်းတို့အသုံးပြုရန် ကျွမ်းကျင်မှုများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သြစတင်ကပြောသည်။

 

“နှစ်ပေါင်းများစွာအတွင်း အာဖဂန်စစ်သည်တွေဟာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အာဖဂန်စစ်သားနဲ့ အာ ဖဂန်ရဲတပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ သူတို့ကို အနိုင်ရလို တဲ့စိတ်ဓာတ် မပံ့ပိုးပေးနိုင်ခဲ့ကြဘူး။ အားလုံးကို မဟုတ်တောင် တချို့တစ်ဝက်ကိုဖြစ်ဖြစ် ကျွန်တော်တို့ စိတ် ဓာတ်ရေးရာမှာ မပံ့ပိုးပေးနိုင်ခဲ့ကြပါဘူး။” ဟု ၎င်းကပြောသည်။

 

အာဖဂန်ထိပ်တန်းခေါင်းဆောင်များ၏ အဂတိလိုက်စားမှုနှင့် ခေါင်းဆောင်မှုညံ့ဖျင်းမှု အသေးစိတ်ကို အမေရိ ကန်ပြည်ထောင်စုအနေဖြင့် အတွင်းကျကျနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခြင်းမရှိကြောင်း ကာကွယ် ရေးဝန်ကြီး သြစတင်ကပြောသည်။

 

အမေရိကန်ပြည်ထောင်စုသည် အာဖဂန်တပ်မတော်၏ ခေါင်းဆောင်မှုယုံကြည်ချက်နှင့် စိတ်ဓာတ်များကို အ သေးစိတ်ဆန်းစစ်လေ့လာမှုမလုပ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမိုက်မီလီကပြောသည်။  “လေယာဉ်တွေ၊ ထရပ်ကားတွေ၊ ယာဉ်တွေ၊ ကားတွေ၊ စက်သေနတ်တွေနဲ့ တခြားရုပ်ဝတ္ထုပစ္စည်းအားလုံးကို ကျွန်တော်တို့ ရေတွက်လို့ရတယ်။ ဒါပေမဲ့ လူ့နှလုံးသားကို စက်နဲ့တိုင်းတာလို့မရဘူး။” ဟု မီလီကပြောသည်။

 

တာလီဘန်များသည် အကြမ်းဖက်သမားများဖြစ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း၊ ယင်းတာလီဘန်များသည် အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်မပြတ်သေးကြောင်း ဗိုလ်ချုပ်ကြီးမီလီကပြောသည်။

 

“တာလီဘန်တွေ အယ်ကိုင်ဒါနဲ့ အဆက်အသွယ်မပြတ်သေးဘူးဆိုတာ ကျွန်တော့်အနေနဲ့ ယုံမှားသံသယမရှိပါ ဘူး။ တကယ်လို့ အာဖဂန်နစ္စတန်မှာ နောက်ထပ်ပြည်တွင်းစစ်ပွဲတစ်ခုထပ်ဖြစ်ခဲ့မယ်ဆိုရင် တာလီဘန်တွေဟာ အာဏာကို တစ်ခုတစ်စည်းတည်း ခိုင်မာကျစ်လျစ်တောင့်တင်းအောင် ဆောင်ရွက်နိုင်မလား၊ မဆောင်ရွက်နိုင် ဘူးလားဆိုတာ မြင်ရမှာပါ။ ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်လူမျိုးတွေကို အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုကနေ ကျွန်တော်တို့ ဆက်လက်ကာကွယ်ရမှာပါ။ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့အတွက် အယ်ကိုင်ဒါနဲ့ အိုင်အက်စ်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းနိုင်တယ်ဆိုတာ တကယ့်ကိုဖြစ်နိုင်ခြေရှိတဲ့ဖြစ်ရပ်ပါ။” ဟု ၎င်းကပြောသည်။

 

Ref: Afghan army collapse took US by ‘surprise’: Pentagon chief

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Afghan army collapse took US by ‘surprise’: Pentagon chief

 

#PeopleMedia


Share this post