• Follow Us on

Home အာဖဂန်ရှိ ရှီရိုက်ဗလီတစ်ခုတွင် အသေခံဗုံးခွဲသမားတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅၀ ဦး သေဆုံး

အာဖဂန်ရှိ ရှီရိုက်ဗလီတစ်ခုတွင် အသေခံဗုံးခွဲသမားတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅၀ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၉ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒတ်ဇ်မြို့ရှိ ရှီရိုက်ဗလီတစ်ခုတွင် ဝတ်ပြုကိုးကွယ်နေသူများကို အသေခံဗုံးခွဲသမား တစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅၀ ဝန်းကျင်သေဆုံးပြီး လူအများအပြားဒဏ်ရာရခဲ့သည်။

 

တာလီဘန်အုပ်စုနှင့် ပြိုင်ဘက်ဖြစ်သော အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်အုပ်စုသည် ဆွန်နီမူဆလင်များ ကြီးစိုးသော အာဖဂန်နစ္စတန်တွင် ဂိုဏ်းဂဏဆန်သောအကြမ်းဖက်မှုများကို မြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် ရှီရိုက်မူဆလင်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။

 

အာဖဂန်နစ္စတန် တာလီဘန်အစိုးရအဖွဲ့၏ ကန်ဒတ်ဇ်မြို့မှ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးဖြစ်သူ မာတီအူလာရိုဟာနီက တိုက်ခိုက်မှုမှာ အသေခံဗုံးခွဲမှုဖြစ်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။

 

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ဆေးရုံမှ ဆရာဝန်တစ်ဦးက ၎င်းတို့ဆေးရုံတွင် ၁၅ ဦးသေဆုံးပြီး အ များအပြားဒဏ်ရာရရှိခဲ့ကြောင်းပြောသလို ကန်ဒတ်ဇ်ပြည်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ၎င်းတို့ ဆေးရုံတွင် ၃၅ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းပြောသည်။

 

ရှီရိုက်ဗလီတစ်ခုကို အသေခံဗုံးခွဲသမားတစ်ဦးကတိုက်ခိုက်ခဲ့ပြီးနောက် လူအများအပြားသေဆုံး/ဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံး/ဒဏ်ရာရ ဦးရေအတိအကျကိုမသိရသေးကြောင်း အစောပိုင်းက တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က ပြောသည်။

 

ကန်ဒတ်ဇ်ပြည်နယ်မြို့တော်ဖြစ်သော ကန်ဒတ်ဇ်မြို့ရှိ ရှီရိုက်ဗလီတစ်ခုတွင် သောကြာနေ့ (အောက်တိုဘာလ ၈ ရက်) နေ့တွင် ဗလီတက်နေစဉ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကန်ဒတ်ဇ်ဒေသခံတစ်ဦးကပြောသည်။

 

“လူနာတင်ကားတွေ အလောင်းတွေ၊ လူနာတွေသယ်ဖို့ ဗုံးကွဲတဲ့နေရာကို သွားနေကြတယ်ဗျ။” ဟု ဒေသခံစီး ပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇယ်လ်မိုင်အေလိုကာဇိုင်းကပြောသည်။ ဇယ်လ်မိုင်အေလိုကာဇိုင်းသည် ဖြစ် စဉ်ဖြစ်ပွားပြီးသည့်နှင့် ကန်ဒတ်ဇ်ပြည်နယ်ဆေးရုံသို့ အပြေးအလွှားသွားရောက်ပြီး ဆရာဝန်များ သွေးလိုမလို စုံစမ်းမေးမြန်းခဲ့သည်။

 

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ဆေးရုံမှ ဝန်ထမ်းတစ်ဦးက အသေအပျောက်စာရင်းတိုးလာမည်ကို စိုးရိမ်နေကြကြောင်း AFP သတင်းဌာနသို့ပြောသည်။ “ဆေးရုံအဝင်ပေါက်ဝမှာ လူတွေရာနဲ့ချီပြီး စုဝေးနေကြ ပြီး သူတို့ဆွေမျိုးသားချင်းတွေကို အော်ခေါ်နေကြတယ်။ ဒါပေမဲ့ လက်နက်ကိုင်တာလီဘန်တွေက နောက်ထပ် ပေါက်ကွဲမှုဖြစ်မှာစိုးလို့ လူစုခွဲခိုင်းနေတယ်ဗျ။” ဟု ၎င်းကပြောသည်။

 

အေမီနူလာဆိုသူ ဒေသခံတစ်ဦးက “ပေါက်ကွဲသံကြားတာနဲ့ ကျွန်တော့်အစ်ကိုကို အော်ခေါ်တယ်။ ဒါပေမဲ့ မ တွေ့ဘူးဗျ။ ဒါနဲ့ ကျွန်တော်လည်း ဗလီထဲကိုဝင်သွားလိုက်တယ်။ ဗလီထဲမှာ ကျွန်တော့်အစ်ကို ဒဏ်ရာရထား ပြီး သတိလစ်နေတာတွေ့လိုက်ရတယ်။ ကျွန်တော်တို့ သူ့ကို ချက်ချင်း MSF ဆေးရုံကိုသယ်သွားကြတယ်။” ဟု ပြောသည်။

 

ကန်ဒတ်ဇ်ဒေသခံကျောင်းဆရာမတစ်ဦးက “ပေါက်ကွဲမှုဖြစ်တဲ့ဗလီက ကျွန်မအိမ်နားမှာပါ။ ကျွန်မအိမ်နီးချင်း လေးငါးဦးလည်း သေတဲ့အထဲပါသွားတယ်။ အရမ်းကြောက်စရာကောင်းတဲ့အသေခံဗုံးခွဲမှုပါပဲ။ ကျွန်မအိမ်နီး ချင်းတွေ သေဆုံး/ဒဏ်ရာရခဲ့ကြပါတယ်။ အိမ်နားက ၁၆ အရွယ်မိန်းကလေးလည်းသေသွားတယ်။ သူ့မိဘ တွေ အလောင်းလိုက်ရှာတာ တစ်စစီဖြစ်နေပြီ။ နောက်ထပ် အသက် ၂၄ နှစ်အရွယ်တစ်ယောက်လည်းပဲသေ သွားတယ်။” ဟု AFP သတင်းဌာနကိုပြောသည်။

 

အာဖဂန်နစ္စတန်တွင် ရှီရိုက်မူဆလင်များမှာ လူဦးရေ ၂၀ ရာခိုင်နှုန်းရှိပြီး အများစုမှာ ဟာဇာရာလူမျိုးနွယ်စုဖြစ် ပြီး အာဖဂန်နစ္စတန်တွင် နှစ်ပေါင်းများစွာဖိနှိပ်ခံလာရသည့် လူမျိုးနွယ်စုဖြစ်သည်။

 

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက အိုင်အက်စ်အသေခံဗုံးခွဲသမားတစ်ယောက်သည် ကဘူးမြို့တော် အနောက်ဘက်ရှိ ရှီရိုက်ဗလီတစ်ခုအတွင်း ဝတ်ပြုကိုးကွယ်နေသည်များကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ် များနှင့် အမျိုးသမီးများအပါအဝင် ၅၆ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ယခုနှစ် မေလအတွင်း ကဘူးမြို့တော်တွင်းရှီ စာသင်ကျောင်းတစ်ကျောင်း၏အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ မိန်းကလေးအများစုပါဝင်သော လူဦးရေ အနည်းဆုံး ၈၅ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ သည်။

 

Ref: Suicide Bomber Kills at Least 50 at Shiite Mosque in Afghanistan’s Kunduz

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Suicide Bomber Kills at Least 50 at Shiite Mosque in Afghanistan’s Kunduz

 

#PeopleMedia


Share this post