• Follow Us on

Home အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့်လောင်း နှိပ်စက်ခဲ့သည့် အမျိုးသမီး (၂) ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချ

အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့်လောင်း နှိပ်စက်ခဲ့သည့် အမျိုးသမီး (၂) ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချ

Share this post

မန္တလေး၊ စက်တင်ဘာ -၁၆

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်း တို့ကို ကျူးလွန်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူကို စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေးခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချခဲ့သည်။

အက်စစ်နှင့် အပတ်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် မတ်လ (၁) နေ့က ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည် ။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးက ၎င်းပိုင် စတိုးဆိုင်တွင် တစ်လလျင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည် ။

ယင်းသို့လုပ်ကိုင်နေရင်း ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

အက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့ကြောင်း စစ်ဆေးချက်များအရသိရသည် ။

ထို့နောက် မနန်းမေဇင်ဦးအား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း သိရသည် ။

ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ် နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးပြီး တရားရုံးတင်စစ်ဆေးခြင်းဖြစ်သည် ။

တရားလိုပြသက်သေများအား စစ်ဆေးပြီးချိန်တွင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် စွဲချက်တင်၍ အမိန့်အသီးသီး ချခဲ့ခြင်းဖြစ်သည် ။

(ဓာတ်ပုံ -အောင်အောင်)


Share this post