• Follow Us on

Home အီရန်နိုင်ငံ စစ်တပ်က စစ်ရေးလေ့ကျင့်မှုများအတွင်း အမေရိကန် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောကြား

အီရန်နိုင်ငံ စစ်တပ်က စစ်ရေးလေ့ကျင့်မှုများအတွင်း အမေရိကန် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

အီရန်နိုင်ငံ စစ်တပ်က အမေရိကန် ဒရုန်းနှစ်စင်းအား ကြားဖြတ်ဟန့်တားခဲ့ပြီး Zolfaqar-1400 အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည့် ဇုန်များမှ ဝေးဝေးနေရန် သတိပေးခဲ့ကြောင်း စစ်တပ်၏ သတင်းဗျူရိုက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

MQ-9 နှင့် RQ-4 ဒရုန်းများ ပါဝင်သည့် အမေရိကန် လေယာဉ်သည် စစ်ရေးလေ့ကျင့်မှုများအတွင်း အီရန်နိုင်ငံ ပျံသန်းရေးသတင်းအချက်အလက်နေရာ နှင့် လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

 

အဆိုပါ ဒရုန်းများသည် စစ်ရေးသတင်းစုဆောင်းရန် ချည်းကပ်လာခဲ့ခြင်း ဖြစ်သော်လည်း တိကျပြတ်သားသော သတိပေးချက်များ ရရှိပြီးနောက် ဒရုန်းများသည် လမ်းကြောင်းပြောင်းကာ အဝေးသို့ ပျံသန်းသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

အီရန်စစ်တပ်သည် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုအား Hormuz ရေလက်ကြား၏ အရှေ့ဘက် တောင်ပိုင်းကမ်းရိုးတန်းပေါ်တွင် နိုဝင်ဘာ ၆ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကြည်၊ ရေ၊ လေနှင့် လေကြောင်းရန်ကာကွယ်ရေးအဖွဲ့များ ပါဝင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း အီရန်နိုင်ငံ၏ စစ်တပ်သည် ပြည်တွင်းထုတ် ဒုံးကျည်များ၊ တော်ပီဒိုလက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များ အား စမ်းသပ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုများအရ သိရသည်။

 

နှစ်ရက်ကြာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် နိုဝင်ဘာ ၉ ရက်တွင် ရေတပ်စစ်ရေးပြအခမ်းအနားတစ်ခုနှင့်အတူ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

 

အီရန်နိုင်ငံ စစ်တပ်တပ်မှူးများက ယင်းစစ်ရေးလေ့ကျင့်မှုသည် ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း ရည်ရွယ်ကြောင်းနှင့် ဒေသတွင်းနိုင်ငံများအား ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု သတင်းစကားပေးပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post