• Follow Us on

Home အမေရိကန်လေတပ်က ပထမဦးဆုံးအကြိမ် ပေါင် ၅,၀၀၀ ဧရာမဗုံးအသစ် ကြဲချ

အမေရိကန်လေတပ်က ပထမဦးဆုံးအကြိမ် ပေါင် ၅,၀၀၀ ဧရာမဗုံးအသစ် ကြဲချ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃ (People Media)

 

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက်များသိုလှောင်ထားရှိသည့်အဆောက်အဦများ ကဲ့သို့ ခိုင်ခန့်မာကျောသောမြေအောက်သိုလှောင်ခန်းများကို ဖျက်ဆီးရန်နှင့် မြေအောက်သို့ပိုမိုထိုးဖောက်နိုင် သည့်စွမ်းအားမြှင့်တင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုပြီးဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ပေါင် ၅,၀၀၀ ဧရာမဗုံးအား အမေရိကန်လေတပ်က စမ်းသပ်ဖောက်ခွဲခဲ့ကြောင်းသိရသည်။

 

အမေရိကန် F-15E တိုက်လေယာဉ်တစ်စင်းသည် GBU-72 Advanced 5K Penetrator ဘန်ကာဖျက်ဗုံးများ ကို ဖလော်ရီဒါပြည်နယ် အဂ်လင်လေတပ်အခြေစိုက်စခန်း၏ အမြင့်ပေ ၃၅,၀၀၀ ရှိကောင်းကင်မှ သုံးကြိမ်စမ်း သပ်ကြဲချခဲ့ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အမှတ် ၇၈၀ စမ်းသပ်ရေးလေယာဉ်အုပ်က အစီအစဉ်များရေးဆွဲပြီး အမှတ် ၄၀ ပျံသန်းမှုအမောင်းသင်လေ ယာဉ်အုပ်စုကဆောင်ရွက်ခဲ့သော စမ်းသပ်ဖောက်ခွဲမှုအစီအစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင်စတင်ဆောင်ရွက် ခဲ့ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ၂.၅ တန်အလေးချိန်ရှိ ဧရာမဗုံးအား လေယာဉ်ဖြင့် သယ်ဆောင်သွားပြီး ကြဲချ ခဲ့ကြောင်း လေတပ်က ကြေညာခဲ့သည်။

 

စမ်းသပ်ဖောက်ခွဲမှုမှာ အောင်မြင်ကြောင်း၊ အဆိုပါဧရာမဗုံးကြီးကို ဂျက်တိုက်လေယာဉ်ပေါ်မှ ဘေးကင်းလုံခြုံစွာ ကြဲချနိုင်ခဲ့ကြောင်း၊ ပေါင် ၂၀၀၀ ဗုံးသယ်ဆောင်သည့်လေယာဉ်ကို ပေါင် ၅၀၀၀ ဗုံးသယ်ဆောင်နိုင်ရန် ပြုပြင် ထားခဲ့ကြောင်း လေတပ်ကပြောသည်။

 

GBU-72 Advanced 5K Penetrator ဧရာမဗုံးကြီးကို အဂ်လင်လေတပ်အခြေစိုက်စခန်းပြင်ပ မြေပြင်၌လည်း စမ်းသပ်ဖောက်ခွဲခဲ့ကြောင်း လေတပ်ကပြောသည်။

 

GBU-72 Advanced 5K Penetrator ဗုံးကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကအသုံးပြုခဲ့သော GBU-28 ပေါင် ၅,၀၀၀ ဘန်ကာဖျက်ဗုံးနှင့် နှိုင်းယှဉ်ပါက ထိရောက်မှုစွမ်းအားပိုမိုမြှင့်တင်နိုင်ရန်အတွက် ခေတ်မီပုံစံငယ်များ ပြုလုပ်ခြင်းနည်းပညာကို အသုံးပြပြီး ထုတ်ထုတ်ထားကြောင်းသိရသည်။

 

GBU-28 ပေါင် ၅,၀၀၀ ဘန်ကာဖျက်ဗုံးကို ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းစစ်ဆင်ရေးကာလ အီရတ်နိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ်လည်းကောင်း ၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်နိုင်ငံကို ကျူးကျော်ခဲ့သည့်စစ်ပွဲ တွင်လည်းကောင်း အသုံးပြုခဲ့သည်။

 

GBU-72 Advanced 5K Penetrator ပေါင် ၅,၀၀၀ ဗုံးနှင့် GBU-28 ပေါင် ၅,၀၀၀ ဗုံးတို့မှာ ခေတ်မီဗုံးကြဲလေ ယာဉ်ကြီးများဖြင့်သာသယ်ဆောင်နိုင်သော အမေရိကန်လေတပ်၏ GBU-57 Massive Ordnance Penetrator ဘန်ကာဖျက်ဗုံးခေါ် ပေါင် ၃၀,၀၀၀ အလေးချိန်ရှိသော ဧရာမဗုံးကြီးနှင့် နှိုင်းယှဉ်လျှင် အသေးစားဗုံးများဖြစ် သွားမည်ဖြစ်သည်။

 

GBU-72 Advanced 5K Penetrator ပေါင် ၅,၀၀၀ ဗုံးကို လာမည့်နှစ်တွင် စစ်ဆင်ရေးစမ်းသပ်မှုပြုလုပ်ရန် ရက်သတ်မှတ်ထားကြောင်း လေတပ်ကပြောသည်။

 

Ref: Air Force drops new 5,000-pound bunker-buster bomb for first time

 

#PeopleMedia

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Air Force drops new 5,000-pound bunker-buster bomb for first time

 

#PeopleMedia


Share this post