• Follow Us on

Home အမေရိကန်-ရုရှား လုံခြုံရေးဆွေးနွေးပွဲ သံတမန်ရေးရာ ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံး

အမေရိကန်-ရုရှား လုံခြုံရေးဆွေးနွေးပွဲ သံတမန်ရေးရာ ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား လုံခြုံရေးဆွေးနွေးပွဲအသစ်တစ်ခုသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မည်သည့် သံတမန်ရေးရာ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံး သွားခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးအကြိမ်ပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုအတွင်း အမေရိကန်က ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား “ ကျွန်ုပ်တို့ရဲ့ သံခင်းတမန်ခင်းဟာ ရုရှားနဲ့ ဆက်ဆံရေးတင်းမာနေမှုကို လျှော့ချဖို့ ပဲဖြစ်ပါတယ်” ရုရှားဘက်ကမူ အမေရိကန်-ရုရှားဆွေးနွေးမှုတွင် “လုံခြုံရေးအာမခံချက်ပေးသော တွေ့ဆုံဆွေးနွေးမှုများ” အဖြစ် တောင်းဆိုခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သောနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် အမေရိကန်-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာ တည်ငြိမ်ရေးဆွေးနွေးမှုကဲ့သို့ပင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman က ဦးဆောင်ခဲ့ပြီး ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က ဦးဆောင်လာခဲ့ကြောင်း သိရသည်။

 

“အချို့ ထိရှနိုင်တဲ့ အချက်အလက်တွေကို ရှင်းလင်းဖို့ မကြိုးစားဘဲ ဆွေးနွေးမှုတွေဟာ ခက်ခဲတယ်၊ ကြာမြင့် တယ်၊ သိပ်ကိုကျွမ်းကျင်မှုရှိတယ်၊ နက်နဲတယ်၊ ခိုင်မာပါတယ်” ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောကြားရာတွင် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Ryabkov က ထည့်သွင်းပြောကြားခဲ့သည်။

 

“ရုရှားဖက်ကအဆိုပြုချက်တွေကို အမေရိကန်ဘက်က အထူးအလေးအနက်ထားပြီး နက်နက်နဲနဲလေ့လာ စူးစမ်းမှုလုပ်ခဲ့တယ်လို့ ကျွန်တော်တို့ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။

 

ဆွေးနွေးပွဲအပြီး သီးခြားပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Sherman က “ဂျီနီဗာမြို့က အမေရိကန်ကိုယ်စားလှယ်ရုံးမှာ ၈ နာရီနီးပါးကြာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောဆိုခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လက ဂျီနီဗာမြို့မှာ သမ္မတဘိုင်ဒန်နဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း သုံးကြိမ်မြောက်ပြုလုပ်တဲ့ အမေရိ ကန်-ရုရှား မဟာဗျူဟာတည်ငြိမ်ရေးဆွေးနွေးပွဲဖြစ်ပါတယ်” ဟု ဆိုသည်။

 

မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(နေတိုး) အနေဖြင့် အရှေ့ဘက်သို့ ထပ်မံချဲ့ထွင်ခြင်းမပြုရေး ဆိုင်ရာ တရားဝင် အာမခံချက်ရန်ကို ရုရှားနိုင်ငံက မျှော်လင့်ထားသည်ဟု ဂျီနီဗာမြို့တွင်ရောက်ရှိနေသည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ryabkov က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

 

“ရုရှားဆန့်ကျင်ရေး အကြောက်တရားလှုံ့ဆော်မှုတွေနဲ့ ၁၉၉၇ ခုနှစ်ကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒတွေအပေါ် ကယောင်ကတန်းနဲ့ ဝေဝါးတဲ့ ယူဆချက်အမြင်တွေဖြစ်အောင် ဖန်တီးထားသမျှ အရာ အားလုံးကို ပယ်ဖျက်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

 

“အဓိက မေးခွန်းတွေကတော့ လေထဲမှာ ပျံ့လွင့်နေဆဲပါပဲ၊ ကျွန်တော်တို့ဘက်က စိတ်ကျေနပ်မှုတွေ ရ စေလောက်တဲ့ လိုအပ်တဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ အမေရိကန်ဘက်က နားလည်မှုတစ်ခုရသွားတယ်လို့ ကျွန်တော်တို့မမြင်မိပါဘူး” ဟု ဆွေးနွေးပွဲအပြီး Ryabkov က သတင်းထောက်များအား ပြောကြားခဲ့သည်။

 

“အခြားတစ်ဖက်ကို ကျွန်တော်တို့ မယုံကြည်ပါဘူး၊ ကျွန်တော်တို့ဟာ သံထည်လို ခိုင်မာတဲ့၊ ရေစိုခံနိုင်တဲ့၊ ကျည်ကာခံနိုင်တဲ့ ဥပဒေအရ စည်းနှောင်ထားတဲ့ တရားဝင်အာမခံချက်မျိုးကိုပဲ လိုချင်တာပါ။ အာမခံတာတွေ ကာကွယ်ထိန်းသိမ်းတာတွေ မလိုချင်ပါဘူး” ဟု ၎င်းက ဆိုသည်။

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအားတိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း နှင့် ယူကရိန်းနှင့်အတူ တင်းမာမှုတစ်ခု မြင့်တက်လာမည်ကို စိုးရိမ်စရာမရှိကြောင်းကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ၎င်းက ရှင်းလင်း ပြောကြား ခဲ့သည် Ryabkov က ဆိုသည်။

 

“အချို့ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် သတိပေးမှုတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ယူကရိန်းကို တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ အစီအစဉ်မရှိဘူးဆိုတာကို ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းလင်းပြောကြားခဲ့ပါ တယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး “ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတင်းမာမှု အခင်းအကျင်းမျိုးကိုမှ စိုးရိမ်နေစရာ အကြောင်းမရှိပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို နားထောင်ရန် နှင့် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို မျှဝေရန် တနင်္လာနေ့က ပြုလုပ်သော အစည်းအဝေးသို့ အမေရိကန်နိုင်ငံက တက်ရောက်လာခြင်းဖြစ်ကြောင်း Sherman က သတင်းထောက်များအား ပြောကြားခဲ့သည်။

 

“ကျွန်မတို့ရဲ့ လုံခြုံရေးအကျိုးစီးပွားတွေ နဲ့ မဟာဗျူဟာမြောက်တည်ငြိမ်ရေးကိုမြှင့်တင်ဖို့အတွက် နှစ်နိုင်ငံ အနေနဲ့ အပြန်အလှန်အရေးယူဆောင်ရွက်မှုတွေကို ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ အတွေးအမြင်တွေနဲ့ အတူ ကျွန်မတို့ ဒီကိုလာခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။

 

အမေရိကန်နိုင်ငံ အဆင့်မြင့်သံတမန်က အမေရိကန်နိုင်ငံအနေဖြင့် နေတိုး၏ “တံခါးဖွင့်မူဝါဒ” ကို ရပ်တန့် ပစ်မည်မဟုတ်ကြောင်း ၊ အမေရိကန်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသော အချုပ်အခြာအာဏာ ပိုင်နိုင်ငံများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း၊ ယင်းမှာ ယူကရိန်းပါခြင်း – မပါခြင်း၊ ဥရောပပါခြင်း-မပါခြင်း သို့မဟုတ် နေတိုး ပါခြင်း-မပါခြင်း စသည့်အချက်များအပေါ် ဆုံးဖြတ် လုပ် ဆောင်သွားမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

 

“အကယ်၍ ရုရှားက ယူကရိန်းကို ကျူးကျော်လာမယ်ဆိုရင် တန်ဖိုးကြီးကြီးမားမားပေးဆပ်ရမှာဖြစ်သလို ၂၀၁၄ ခုနှစ်က သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလိုမျိုး ကြီးမားတဲ့အကျိုးဆက်တွေကို သူတို့ခံစားရမယ်ဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း အသိပေးထားပြီးဖြစ်ပါတယ် ၊ ရုရှားအနေနဲ့ ဘာလုပ်ရမလဲဆိုတာ ကိုယ့်ဟာကိုယ်ရွေး ချယ်ဆုံးဖြတ်ရမှာပါ” ဟု သူ(မ)က ဆိုသည်။

 

ယင်းနှစ်နိုင်ငံအရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပို၍အသေးစိတ်ညှိနှိုင်းဆွေးနွေးနိုင်ရန် ရုရှားအရာရှိများနှင့်အတူ မကြာခင်ကာလအတွင်း နောက်ထပ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် အမေရိကန်က ကမ်းလှမ်းထား ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

တနင်္လာနေ့က ရုရှားအရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် Sherman သည် နေတိုးခေါင်းဆောင်များ၊ နေတိုးမဟာမိတ်များနှင့် ဥရောပသမဂ္ဂအရာရှိများနှင့် တွေ့ ဆုံဆွေးနွေးမှုပြုလုပ်ရန် ဇန်နဝါရီ ၁၁ ရက် မှ ၁၂ ရက်အထိ ဘရက်စ်ဆဲလ်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ဂျီနီဗာရှိ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

 

(Xinhua)

 

#PeopleMedia #ရုရှား #အမေရိကန် #သံတမန်ဆွေးနွေးမှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post