• Follow Us on

Home ဦးကျော်မိုးထွန်းအား လုပ်ကြံမှုသည် မြန်မာနိုင်ငံနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

ဦးကျော်မိုးထွန်းအား လုပ်ကြံမှုသည် မြန်မာနိုင်ငံနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၀ (People Media)

 

အမြဲတမ်းကိုယ်စားလှယ်ဟောင်း ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံမှုသည် မြန်မာနိုင်ငံနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်သည်။

 

ထိုသို့ ထုတ်ပြန်ရာတွင် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အမြဲတမ်းကိုယ်စားလှယ် Ms. Linda Thomas-Greenfield က ရာထူးမှထုတ်ပယ်ထားသည့် အမြဲတမ်း ကိုယ်စားလှယ်ဟောင်း ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံရန် ကြံစည်မှုနှင့်စပ်လျဉ်း၍ ကျုးလွန်သူများကို ဖမ်းဆီးထားမှုဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ရပ်အား သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအတွင်း သက်ဆိုင်ရာနိုင်ငံက လက်ခံနေထိုင်ခွင့်ပြုထားသူများ အကြားဖြစ်ပွားသည့် ပြည်တွင်းဖြစ်စဉ်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ ဥပဒေအကြောင်းအရသာ တရား စီရင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း၊ ယခင် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာ မှုမရှိခြင်း၊ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခြင်း၊ တရား မဝင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH နှင့် NUG တို့အား ကိုယ်စားပြုဆောင်ရွက်ခြင်းတို့ကြောင့် ၎င်းအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဝန်ထမ်းဥပဒေနှင့်အညီ ထုတ်ပယ်ခဲ့သည်။

 

လက်ရှိတွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းတရားစီရင်ရေးဖြင့် ဆက်လက်ဆောင်ရွက်ရန် ၎င်းအား လွှဲပြောင်းပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်းဆိုထားကြောင်း၊ သို့သော်လည်း တောင်းဆိုချက်ကို ယခုတိုင်ဆောင်ရွက်ပေးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စား လှယ်၏ ပြောဆိုချက်များသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်သည့်သဘောထားဖြစ်ပြီး ဗီယင်နာကွန်ဗင်းရှင်း ပါ သံတမန်တစ်ဦး လိုက်နာရမည့်အချက်များကို ချိုးဖောက်ကြောင်း တွေ့ရှိရသဖြင့် မြန်မာမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် မြန်မာနိုင်ငံမှ ဥပဒေကြောင်းအရ အရေးယူရန်ရှိသည့် ဦးကျော်မိုးထွန်းအပေါ် ယခုကဲ့သို့ ရပ်တည် ထောက်ခံပေးနေခြင်းသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား စောင့်ထိန်းရမည့်ကျင့်ဝတ်ကို လိုက်နာရန် သွေဖယ်ခြင်းဖြစ်၍ ယင်းလုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #MOFA #ဦးကျော်မိုးထွန်း

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post