• Follow Us on

Home ကေအိုင်အေ၏ ခြိမ်းခြောက် ဆက်ကြေးကောက်ခံမှုအပေါ် ဒေသခံများ မခံမရပ်နိုင်ဖြစ်၊ ပါးရိုက်လျှင် နားကိုက်မည်ဟု ဒေသခံများဆို

ကေအိုင်အေ၏ ခြိမ်းခြောက် ဆက်ကြေးကောက်ခံမှုအပေါ် ဒေသခံများ မခံမရပ်နိုင်ဖြစ်၊ ပါးရိုက်လျှင် နားကိုက်မည်ဟု ဒေသခံများဆို

Share this post

မိုးညှင်း၊ ဇန်နဝါရီ ၁၉ (People Media)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထန်းတင်ပင်ကျေးရွာတွင် အိမ်ယာစီမံကိန်းပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုအား ယနေ့ ညနေပိုင်းက ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အပါအဝင် ဒေသအတွင်း ကေအိုင်အေ၏ မကြာခဏ ခြိမ်းခြောက် ဆက်ကြေး ကောက်ခံမှုများကို ဒေသခံများအနေနှင့် လုံးဝလက်မခံနိုင်ကြောင်း ပြောဆိုနေကြသည်။

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ယခုဆက်ကြေးကောက်ခံသည့် GTM Company သည် သာသနာ့ ရွှေသစ်ပင် ဘုန်းတော်ကြီးသင် (အခမဲ့) သင်တန်းကျောင်းအတွက် ဆွမ်း၊ ကွမ်း အထောက်အပံ့ရရှိအောင် ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီဖြစ်ကြောင်းနှင့် (KIA)မှ ယခုကဲ့သို့ ဆက်ကြေး တောင်းခံခြင်းသည် မဖြစ်သင့်ကြောင်း သာသနာ့ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်မှ မိန့်ကြားသည်။

“ဒီရွှေသစ်ပင် အိမ်ယာစီမံကိန်း ဆိုတာက ဦးဇင်းတို့ ရွှေသစ်ပင်ကျောင်းတိုက်အတွက် ဆွမ်း၊ ကွမ်း အထောက်အပံ့ ရရှိအောင် ဆောင်ရွက်ပေးတဲ့ စီမံကိန်း ဖြစ်တယ်၊ အခုလို ဆက်ကြေးတောင်းတယ်ဆိုတာ မလုပ်သင့်ဘးပေါ့၊ ဦးဇင်းတို့နေနဲ့ ဒီလုပ်ရပ်တွေကို လက်မခံနိုင်ဘူး။” ဟု မိန်ကြားခဲ့သည်။

ယခုကဲ့သို့ ရှမ်းနီလူမျိုးများအပေါ် နိုင်ထက်စီးနင်းမှု ပြုကျင့်ကာ ဆက်ကြေးငွေ တောင်းခံခြင်းများကို အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့သည့် ကေအိုင်အေ၏ လုပ်ရပ်များကို လက်မခံနိုင်တော့ကြောင်း ယင်း ရွှေသစ်ပင် အိမ်ယာစီမံကိန်းကို ဆောင်ရွက်နေသည့် တာဝန်ခံ ဦးရုံးရွှေက ပြောသည်။

“ရွှေသစ်ပင်ဘုန်းတော်ကြီးသင် သင်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသား (၁၀၀) ကျော်ရှိတယ်၊ ဒီစီမံကိန်း လုပ်တာက ကျောင်းအတွက် လုပ်တာဖြစ်တယ်၊ စာသင်နေတဲ့ ကျောင်းသားတွေ၊ ဦးဇင်းတွေအတွက် လုပ်ပေးတာဖြစ်တယ်၊ စီမံကိန်းပြီးလို့ လူတွေလာနေရင် ဆွမ်းကပ်တာတွေနဲ့ အဆင်ပြေမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ၊ အခုလို ကျနော်တို့ လူမျိုးတွေပေါ်မှာ နိုင်ထက်စီးနင်းလုပ်ပြီး ဆက်ကြေးတောင်းတာက တစ်ခါမဟုတ် နှစ်ခါမဟုတ် ခဏခဏရှိပြီဖြစ်တယ်၊ ကြာလာတော့ မခံနိုင်တော့ ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ အနေဖြင့် ယခုလုပ်ရပ်များကို ရပ်တန်းကရပ်ပါ ကိုယ်ချင်းစာ တရား ထားသင့်ကြောင်းနှင့် ၎င်းတို့ ပြုကျင့်သည့် နည်းတူ ၎င်းတို့၏ လူမျိုးများအပေါ် လက်နက်အားကိုးဖြင့် အနိုင်အထက် ပြုကျင့် ပါက လက်ခံနိုင်မည်လားဟု မေးခွန်းထုတ်ချင်ပါသည်ဟုလည်း ဦးရုံးရွှေက ထည့်သွင်း ပြောဆိုသည်။

“ကျနော်ပြောချင်တာက လက်နက်ကိုင်ပြီးတော့မှ အနိုင်ကျင့်၊ တောင်းရမ်းလို့ရင် ကျနော်တို့ ရှမ်းနီ အကုန်လုံး ကိုလည်း လက်နက်ကိုင် ခိုင်းလိုက်မယ်၊ ကချင်အိမ်မှန်သမျှ အကုန်လုံး တောင်းရမယ် ဆိုပြီး ရာဇသံ ပေးလိုက်ရင် လက်ခံနိုင်မလားလို့ မေးချင်တယ်၊ လက်နက်ကိုင်ပြီး အနိုင်ကျင့် တောင်းရမ်းလို့ရတယ်ဆိုရင် ကျနော်တို့လဲ အနိုင်ကျင့်လို့ရပါတယ်၊ သူတို့လက်ခံနိုင်မလား၊ လက်ခံနိုင်မှ စာပို့ဆက်ကြေး တောင်းတာတွေ ပြုလုပ်ပါ။ ကျနော့်အနေနဲ့ စကားလေးပါးလိုက်ချင်တယ်၊ ဒီလို စာပို့တာ နောက်ဆုံး အကြိမ်ဖြစ်ပါစေလို့ နောက်နောင် လုံးဝ လက်မခံနိုင်ပါဘူးလို့၊ ပါးရိုက်ရင် နားကိုက်ဖို့ အဆင်သင့်ပါလို့ ပြောချင်တယ်။” ဟု ၎င်း ထည့်သွင်း ပြောဆိုသည်။

ယင်းဖြစ်စဉ်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့်လည်း ကာကွယ်မှုများ အပြည့်အဝ မပေးနိုင် ခဲ့ကြောင်းနှင့် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အနေနှင့် ယင်းကဲ့သို့ လက်နက်အားကိုး အနိုင်ကျင့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ လက်မခံနိုင်ကြောင်း ဒေသခံ ဦးစဝ်ခွန်မိန်းကလည်း ယခုကဲ့သို့ သုံသပ်ပြောဆိုသည်။

“ဆက်ကြေးတောင်းတာက တစ်နေရာထဲ မဟုတ်ဘူး၊ ကိုဗစ်ကာလမှာ လူတွေက စားဝတ်နေရေးအတွက် အဆင်မပြေတဲ့အခုလိုအချိန်အခါမှာတောင် ဆက်ကြေးတွေ ဟိုနေရာတောင်း ဒီနေရာတောင်းဖြစ်နေတာကို ကျနော်ကတော့ လုံးဝလက်မခံနိုင်ဘူး၊ လူတွေကလည်း ဒီကိစ္စမျိုးကို ဌာနဆိုင်ရာကို တိုင်လိုက်မယ်ဆိုရင်လည်း ဘယ်လိုမှ ကာကွယ်မှု မပေးနိုင်ဘူးလို့ မြင်ထားကြတယ်၊ အဲ့ဒီလို ဌာနဆိုင်ရာက ကာကွယ်မှုတွေ မပေးနိုင်လို့ ကျနော်တို့က တရားမဝင် KIA ကို မသိမသာ ပေးမယ်ဆိုရင်လည်း ကျနော်တို့က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁)နဲ့လဲ ငြိစွန်းမှာကိုလည်း လူထုက စိုးရိမ်ရတာပေါ့၊ လူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံပြီး အနိုင်ကျင့်ခံရတယ် ကြောက်လို့ ပေးရတယ်ပေါ့၊ နိုင်စားတာပေါ့၊ ကျနော်တို့ လူထုအနေနဲ့ (၁၀)စုနှစ်ကျော်ကြာ အနိုင်ကျင့် နိုင်စားတာကို ခံနေရတယ် ” ဟု ၎င်းကပြောသည်။

ယနေ့ ဇန်နဝါရီလ (၁၈)ရက်နေ့တွင်လည်း ရွှေသစ်ပင် အိမ်ယာစီမံကိန်းထံ ညနေ (၃)နာရီခန့်က ( KIA) မှ ဆက်ကြေး တောင်းခံစာ လာရောက်ပေးပို့ခဲ့သဖြင့် ဒေသခံများ မခံမရပ်နိုင်ဖြစ်ကာ လိုက်လံဖမ်းဆီးခဲ့သော်လည်း ဆက်ကြေး တောင်းခံစာ လာရောက်ပေးပို့သူမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်။

မင်းရာဇာ

#PeopleMedia #မိုးညှင်းမြို့ #KIA #ဆက်ကြေး

(unicode)

……………………………………


Share this post