• Follow Us on

Home ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၆

 

ယခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် (၆) ဘာသာပေါင်းရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာ ရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွယ် တက္ကသိုလ်တွေမှာ ဖွင့်လှစ်ရန်ကျန်ရှိနေတဲ့ ဘွဲ့ကြိုသင်တန်းတွေ အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီနဲ့ မေလတို့မှာ ဖွင့်လှစ်မှာဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် မြင်သူတွေအတွက် ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွယ် တက္ကသိုလ်တွေကို တက်ခွင့်ရစာရင်းကိုလည်း မကြာမီ ထုတ်ပြန်သွားမှာဖြစ်တယ်။ အခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူတွေ အတွက် ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွယ် တက္ကသိုလ်တွေကို ဝင်ခွင့်ရွေးချယ်ရာမှာ ဆရာဝန်စိတ်ဓာတ် အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနဲ့ ပြည့်စုံတဲ့ ဆေးပညာရှင်နဲ့ သွားဘက်ဆိုင်ရာ ဆေးပညာရှင်တွေကို မွေး ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး (၆) ဘာသာပေါင်းရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာရမှတ်ပေါင်းနဲ့ စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရွေးချယ်တဲ့စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်ပိုချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း (၃၇၂၇) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူပေါင်း (၁၀၉၃၆) ဦး၊ ပါရဂူဘွဲရရှိသူပေါင်း (၁၅၀၆) ဦး မွေးထုတ်ပေးနိုင်ခဲ့ ကြောင်း၊ ယခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရာတွင်လည်း ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့ထားသော ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဘွဲ့ လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ဝင် ပါမောက္ခ/ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(unicode)


………………………………………

 


 


 


 


 


 



Share this post