• Follow Us on

Home မြောက်ကိုရီးယား နျူကလီးယားပိုင်ဆိုင်မှုထက် တရုတ်နိုင်ငံက ပိုမိုခြိမ်းခြောက်မှုရှိဟု ဂျပန်ကာကွယ်ရေးအစီရင်ခံစာဖော်ပြ

မြောက်ကိုရီးယား နျူကလီးယားပိုင်ဆိုင်မှုထက် တရုတ်နိုင်ငံက ပိုမိုခြိမ်းခြောက်မှုရှိဟု ဂျပန်ကာကွယ်ရေးအစီရင်ခံစာဖော်ပြ

Share this post

ဂျပန်နိုင်ငံအတွက် တရုတ်စစ်တပ်အင်အားကြီးထွားလာမှုဟာ မြောက်ကိုရီးယားက နျူကလီးယားပိုင်ဆိုင်မှုထက် ပိုပြီးခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ နှစ်စဉ် ထုတ်ပြန်တဲ့ ကာကွယ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာအစီရင်ခံစာထဲမှာ တရုတ်နိုင်ငံက စစ်လက်နက်အင်အားပိုင်ဆိုင်မှုမှာ မဟာမိတ်အမေရိကန်နောက် ဒုတိယနေရာကရှိနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးစက္ကူဖြူစာတမ်းမှာ တရုတ်နိုင်ငံက အခုလို ဒုတိယနေရာမှာ ရပ်တည်နိုင်တာက ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။ တတိယနေရာမှာတော့ မြောက်ကိုရီးယားနိုင်ငံက ရပ်တည်နေပြီး စတုတ္ထနေရာမှာ စစ်အေးကာလအတွင်း ဂျပန်နိုင်ငံရဲ့ အဓိကခြိမ်းခြောက်မှုလို့ သတ်မှတ်ထားတဲ့ ရုရှားက ရပ်တည်နေပါတယ်။

တရုတ်နိုင်ငံဟာ အနောက်ပစိဖိတ်မှာ ဝေဟင်နဲ့ ပင်လယ်ပြင် စစ်လက်နက်အင်အား ဖြန့်ကျက်လာခဲ့ပြီး ဂျပန်ပင်လယ် ဆူရှီမာရေလက်ကြားမှာလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဂျပန်က ဆိုပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ ရှေ့တန်းရောက်စေဖို့ လွန်ခဲ့တဲ့ ခုနစ်နှစ်တာ ကာလအတွင်း စစ်ရေးအသုံးစရိတ်ကို ဆယ်ဆမြှင့်တင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးဘက်ဂျက်တောင်းဆိုမှုမှာ ဂျပန်စစ်တပ်က ရဟတ်ယာဉ်တင်ရေယာဉ်တွေမှာ အသုံးပြုနိုင်မယ့် F-35 ၉ စီးဝယ်ယူဖို့ စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အခုနှစ်မှာ စစ်အသုံးစရိတ် ၇.၅ ရာခိုင်နှုန်း( အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံ)တိုးမြှင့်သွားဖို့ရှိနေပြီး ဂျပန်စစ်တပ်ရဲ့ စစ်အသုံးစရိတ်ထက် သုံးဆရှိနေပါတယ်။

ဂျပန်ပိုင်နက်အနီး တရုတ်နိုင်ငံက ဝေဟင်နဲ့ ရေပြင်ကင်းလှည့်မှုတွေဟာ ဂျပန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref; Reuters


Share this post