• Follow Us on

Home မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရကမ်းလှမ်းထား

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရကမ်းလှမ်းထား

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်၊ ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် KIA၊ AA၊ TNLA၊ MNDAA မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရက ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှသိရသည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရက ၂၀၂၀ ခုနှစ်ဒီဇင်ဘာ (၁၆)ရက်က မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကို တွေ့ဆုံရန် အဆိုပြုစာ ပေးပို့လာပြီး မြစ်ကြီးနား (သို့မဟုတ်) ကျိုင်းတုံ တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက EPN သတင်း ဌာနသို့ ပြောသည်။
“အစိုးရဘက်ကတော့ ဒီဇင်ဘာလ ဆယ့်ခြောက်ရက်နေ့တုန်းကတော့ စာတစ်စောင် မြောက်ပိုင်းလေးဖွဲ့ကို ပြန်လည် တွေ့ဆုံနိုင်ဖို့အတွက် အဆိုပြုတဲ့ စာပေါ့လေ ပေးပို့ထားတာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ကလည်း မြောက်ပိုင်းအဖွဲ့ကို ပြန်အကြောင်းကြားထားတယ်” ဟု PCG မှ ဦးလမိုင်ဂျွန်ဂျာက ပြောသည်။
အစိုးရအနေဖြင့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး မည်သည့် အချိန်၊ မည်သည့်နေရာ၌ တွေ့ဆုံဆွေးနွေးမည်ကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အကြောင်း ပြန်ပေးခြင်း မရှိ သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ခွန်ဂျွန်ဂျာက ထည့်သွင်းပြောဆိုခဲ့သည်။
“မြောက်ပိုင်းလေးဖွဲ့ကတော့ ဘယ်နေရာ၊ ဘယ်ချိန် ဘယ်နားမှာ လုပ်ဖို့အတွက်ဆိုတာ သူတို့အနေနဲ့ အကြောင်းပြန်တာ မရှိသေးဘူး အခုလောဆယ်တော့ သူတို့လည်း တစ်ဖွဲ့ထဲမဟုတ်ဘူး လေးဖွဲ့ဖြစ်နေတော့ သူတို့အတွက်လည်း သွားရေးလာရေး အခက်အခဲရှိတော့ ဒီခရစ္စမတ်နဲ့ နှစ်သစ်နဲ့ သူတို့လည်း လူကြီးတွေ မစုံမလင် ဖြစ်တဲ့အခါကြတော့ ဒီအတောအတွင်းတော့ သူတို့ဘက်ကအကြောင်းပြန် လာနိုင်မယ်လို့တော့ ထင်တယ်။ အစိုးရကတော့ ဒီဇန်နဝါရီလ ဒုတိယ အပတ်ထဲမှာလို့ ပြောတယ်။ ဒါပေမယ့်လည်း ဟိုဘက်က အဆင်သင့် မဖြစ်သေးဘူးဆိုလည်း ကျွန်တော်ထင်တယ် ဒီဇန်နဝါရီလ မကုန်ခင်တော့ ဖြစ်လိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းထားမှုမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေး အတွက် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်စေလိုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌဦး အောင်ခမ်းက ယခုကဲ့သို့ ဆိုသည်။
“အစိုးရအနေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ်းလှမ်း တယ်ဆိုတာက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့အတွက် လမ်းပွင့်လာတာပေါ့။ ငြိမ်းချမ်းရေးတော့ ဖြစ်စေချင်တယ်။ ဒီလက်မှတ်ထိုးတာ မထိုးတာက နှစ်ဖက်တပ်တွေရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကဖြစ်စေချင်တာ တစ်ခုပဲရှိပါတယ်။ အဓိကလုပ်ရမှာက စစ်တပ်နှစ်ဖက်နဲ့ လက်ရှိ ဒီ NLD အစိုးရ ပေါ်မှာ မူတည်ပါတယ်။ သူတို့အနေနဲ့ စိတ်ဆန္ဒရှိတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း လက်မခံနိုင်စရာ မရှိပါဘူး” ဟု ဦးအောင်ခမ်းက ပြောသည်။
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွန်ဂျာကလည်း ယခုတစ်ကြိမ်တွေ့ဆုံမှုတွင် နှစ်ဖက်အ ပစ်ခတ်ရပ်ဆဲရေး Bitateral လက်မှတ်ရေးထိုးနိုင်ပြီး NCA လမ်းကြောင်းပေါ် သွားနိုင်သည်အထိ မျှော်လင့် ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။
“ဒီတစ်ခေါက်တွေ့ဆုံမှုဟာ Bitateral လက်မှတ်ရေးထိုးနိုင်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေရင် ရှေ့ ဆက်သွားမယ့် NCA လမ်းကြောင်းပေါ်ကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။
၂၀၁၉ ခုနှစ်ကလည်း အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သတင်း – လွမ်းအောင်
ဓါတ်ပုံ – NRPC
#PeopleMedia #မြောက်ပိုင်းမဟာမိတ်အဖွဲ့ #Peace
(unicode)
…………………………………………………….


Share this post