• Follow Us on
Latest News

Home မြစ်ကြီးနား၊ လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

မြစ်ကြီးနား၊ လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

Share this post

မြစ်ကြီးနား၊ မတ် ၁၅

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မတ်လ ၁၅ ရက် ယနေ့ နံနက်ပိုင်းက မီးရှို့ခံရသဖြင့် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

 

အဆိုပါ အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုနှင့်ပတ်သက်ပြီး ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။

 

“မနက်အစောကြီး ငါးနာရီထိုးခါနီးကပေါ့ အသံအကျယ်ကြီး နှစ်ချက်ဆက်တိုက်ကြားလိုက်ရတယ်‌၊ အသံက အရမ်းနီးနေတော့ ထွက်ကြည့်တော့ အုပ်ချုပ်ရေးမှူးရုံးက မီးလောင်နေပြီ၊ သိပ်မကြာခင်မှာပဲ မီးသတ်ကားတွေ ရောက်လာပြီ မီးငြိမ်းသတ်ကြတယ်၊ အခုတော့ မီးငြိမ်းသွားပြီ” ဟု ၎င်းက ဆိုသည်။

 

လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် မြို့တွင်းမှ ခတ်ချိုကူးတို့ဆိပ်ဘက်သို့သွားရာ လမ်းမကြီးဘေးတွင် တည်ရှိပြီး အနီးကပ်လျက်တွင် သမရုံးဝင်း၊ အနောက်ကပ်လျက်၌ ဇီးလွန်အထက်တန်းကျောင်းတို့ရှိသည့် အပြင် ယင်းနှင့် အနီးနားတွင် အမှတ် ၃၀ ရဲတပ်ရင်းတို့လည်း ရှိသည်။

 

“လူထိခိုက်မှု‌တော့ မရှိပါဘူး၊ မီးကိုတော့ အမြန်ဆုံး ငြိမ်းသတ်နိုင်လိုက်ပါတယ်၊ စစ်ဆေးချက်အရတော့ ရှို့မီးဖြစ်တယ်၊ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းစစ်ဆေးနေဆဲပါပဲ” သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြော ပြသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ဒုညွှန်ကြားရေးမှူး ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌဦးစီးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့တို့မှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ၀၅း၀၆ နာရီအချိန် မီးထိန်းနိုင်ခဲ့ပြီး ၀၅း၀၈ နာရီအချိန် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။

 

မီးလောင်မှုကြောင့် ၄၀x၂၀ ပေရှိ သွပ်မိုး+အုတ်ကာ+မြေစိုက် (၁)ထပ် အုပ်ချုပ်ရေးမှူးရုံးနှင့် ရုံးစာရွက်စာတမ်း ပရိဘောဂများ ပျက်စီးဆုံးရှုံးသွားခဲ့သည့်အပြင် အနီးကပ်လျှက်ရှိ သမရုံး နှစ်ထပ်အဆောက်အဦမှာလဲ မီး အဟတ်ခံရပြီး လှေခါးနှင့် ပြတင်းပေါက်များ မီးစွဲလောင်ခဲ့သည်။

 

ပိုင်ကြီး

 

(unicode)


…………………………………

 


 


 


 


 


 


 


 


 



Share this post