• Follow Us on

Home မြန်မာမှ အိန္ဒိယသို့ နှစ်စဉ် မတ်ပဲတန်ချိန် (၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်း တင်ပို့မည်

မြန်မာမှ အိန္ဒိယသို့ နှစ်စဉ် မတ်ပဲတန်ချိန် (၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်း တင်ပို့မည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ (People Media)

 

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁) သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့် နောင်ဘဏ္ဍာနှစ် ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရမည်ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်အရ သိရသည်။

 

ထိုကဲ့သို့ အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးအထူးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ဆွေးနွေးချက်များအရ သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့သည့်ကိစ္စနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ နားလည်မှုစာချွန်လွှာ အရ မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန်(၁)သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့် နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ) အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံသို့ G to G MoU အရ ပဲတင်ပို့မှုလွယ်ကူ လျင်မြန်စေရေးနှင့် စနစ်တကျ တင်ပို့နိုင်ရေးဆိုင်ရာကြီး ကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ရာ MOU အရ နှစ်နိုင်ငံ Joint Monitoring Committee အစည်းအဝေး မကျင်းပမီ နှစ်ဘက်ကြိုတင် ညှိနှိုင်းအစည်း အဝေးတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းအတွင်း ကျင်းပ သွားရန် အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်သည် မြန်မာ့ပဲမျိုးစုံ တင်ပို့မှု သမိုင်းတွင် အမြင့်ဆုံးဖြင့် တန်ချိန် (၂) သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁ ဒသမ ၅၇)ဘီလီယံ ရရှိခဲ့ သဖြင့် ယင်းအခြေအနေကို စဉ်ဆက်မပြတ်တင်ပို့နိုင်ရန် Product Diversification နှင့် Market Diversifica tion ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #အိန္ဒိယ-မြန်မာ #ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ #ပေါင်းစပ်ညှိနှိုင်း‌ရေးအထူးလုပ်ငန်းအဖွဲ့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post