• Follow Us on

Home မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ကိုရီးယားအမျိုးသမီးတွင် ကိုရိုနာတွေ့သဖြင့် လူ ၂၀ ကျော်ကို စောင့်ကြည့်နေ

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ကိုရီးယားအမျိုးသမီးတွင် ကိုရိုနာတွေ့သဖြင့် လူ ၂၀ ကျော်ကို စောင့်ကြည့်နေ

Share this post

ရန်ကုန်

၂၀၂၀၊ဖေဖေါ်ဝါရီ ၂၅

 

ရန်ကုန်မြို့သို့ ငါးရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် ထိုအမျိုးသမီးနှင့်အနီးကပ်နေထိုင်ခဲ့သူရန်ကုန်မြို့မှ၂၂ ဦးကို နေအိမ်တွင်ထားကာ စောင့်ကြည့်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယမာန်နေ့ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

 

အသက် ၃၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ရန်ကုန်မြို့သို့ ယခု ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ အလည်အပတ် လာရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကိုရီးယားနိုင်ငံ၌ ဓာတ်ခွဲ စစ်ဆေးချက်အရ ကိုရိုနာ (COVID-19) ဓာတ်ခွဲအတည်ပြု လူနာအဖြစ် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူ နေရကြောင်း ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အဆိုပါ သတင်းကို ရရှိပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်တွင်ပင် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထိုအမျိုးသမီးနှင့် အနီးကပ် ထိတွေ့ နေထိုင်ခဲ့သူ ခုနစ်ဦးနှင့် မိသားစုဝင် ၁၅ ဦး၊ စုစုပေါင်း ၂၂ ဦးကို စုံစမ်းရှာဖွေကာ ကျန်းမာရေး အခြေအနေ စစ်ဆေးမေးမြန်းခဲ့ရာ လက်ရှိတွင် ၎င်းတို့မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ကိုရိုနာရောဂါ သံသယလက္ခဏာ မတွေ့ရှိရကြောင်း သိရသည်။

 

သို့ဖြစ်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ၎င်းတို့အား ရောဂါလက္ခဏာ တစ်စုံတရာ ပေါ်ပေါက်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ရန် အသိပေးပြောဆိုခဲ့ကြောင်း သိရသည်။

 

၎င်းတို့ကို လက်ရှိတွင် အသွားအလာ တားမြစ်ပိတ်ပင်ထားပြီး နေအိမ်နေထိုင်စေကာ ကန့်သတ်ခြင်း (Home Quarantine) နေထိုင်စဉ် လိုက်နာရမည့် အချက်များကို တိကျစွာလိုက်နာရန် ပြောကြားထားပြီး လူနာနှင့် နောက်ဆုံးတွေ့ခဲ့သည့် ရက်မှ ၁၄ ရက်ကြာသည်အထိ ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့ကို ရောဂါစောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၄ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့ရှိရသေးသော်လည်း ရောဂါဖြစ်ပွားသူများကို ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင်ပြီး ကူးစက်မှု ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတိပေးထားသည်။

 

ခိုင်ဇာ

#MPI #peoplemedia


Share this post