• Follow Us on

Home မြန်မာ-တရုတ် နယ်စပ်ဝင်ပေါက်လေးခုကို တရုတ်က ပိတ်သိမ်းလိုက်တာကြောင့် ခေါင်လန်ဖူးမြို့နယ်က ဒေသအချို့ စားနပ်ရိက္ခာပြတ်လပ်

မြန်မာ-တရုတ် နယ်စပ်ဝင်ပေါက်လေးခုကို တရုတ်က ပိတ်သိမ်းလိုက်တာကြောင့် ခေါင်လန်ဖူးမြို့နယ်က ဒေသအချို့ စားနပ်ရိက္ခာပြတ်လပ်

Share this post

ခေါင်လန်ဖူး၊ စက်တင်ဘာ ၂၁

ကိုဗစ် ၁၉ကြောင့် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်အတွင်းက တရားမဝင်နယ်စပ်ဝင်ပေါက် လေးခုကို တရုတ်က ယာယီပိတ်လိုက်ရသောကြောင့် ခေါင်လန်ဖူးမြို့နယ်က ကျေးရွာအများစု စား နပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ခေါင်လန်းဖူမြို့နယ် အတွင်းက မြန်မာ-တရုတ် နယ်စပ်မှတ်တိုင် ၃၀၊မှတ်တိုင် ၃၁၊ မှတ်တိုင် ၃၅၊ မှတ်တိုင် ၄၁ ဝင်ပေါက်တို့ကို ကိုဗစ် ၁၉ ကြောင့် တရုတ်အစိုးရဘက်မှ ပိတ်သိမ်းခဲ့ကြောင်း သိရပြီး ယင်းနယ်စပ်ဝင်ပေါက် လေးခု ပိတ်သိမ်းလိုက်တာကြောင့် လက်ရှိခေါင်လန်ဖူးကျေးရွာအများစုမှ ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ခေါင်လန်ဖူးဒေသခံ ဦးဆာအောင်က ဆိုသည်။

“ကိုဗစ် မဖြစ်တုန်းကတော့ နယ်စပ်ဂိတ်က ဖွင့်ထားတယ်ဆိုတော့ ဒီနယ်စပ်ဂိတ်ကနေပဲ တရုတ်ပြည်ကို အားကိုးပြီးတော့မှ ဒေသခံတွေက ဆန်၊ ဆီ၊ ဆား၊ စားစရာတွေကို တရုတ်ပြည်ကနေပဲ ဝယ်ရတယ်။ အခုနောက်ပိုင်း ကိုဗစ်ဖြစ်တော့ တရုတ်တွေကလည်း လုံးဝပိတ်လိုက်တော့ ဒေသခံတွေကလည်း သွားလို့မရ တရုတ်ဘက်ကလည်း ဒီဘက်ကိုလာလို့မရ ဒီဘက်ဒေသက အရမ်းအေးတော့ စပါးတွေလည်း မဖြစ်ထွန်းဘူးလေ တရုတ်ပြည်ကပဲအားကိုးရတော့ အခုကပိတ်ထားတော့ ဒေသခံတွေကတော်တော်လည်းကို အခက်အခဲဖြစ်နေတယ်။ ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်အားလုံး တရုတ်ပြည်ကနေပဲအားကိုးပြီး ဝယ်ရတာ”ဟု ဦးဆာအောင်ကပြောသည်။

ဒေသခံများ စားနပ်ရိက္ခာအတွက်အဓိက အသုံးပြုနေသည့် ယင်းနယ်စပ်ဝင်ပေါက် သုံးခုကို ကိုဗစ် ၁၉ စဖြစ်သည့် မတ်လကတည်းကပိတ်သိမ်းခဲ့ကြောင်း သိရပြီး လက်ရှိတရုတ်ပြည် အဝင်အထွက် လမ်းပိတ်သိမ်းလိုက်သောကြောင့်ဒေသခံများ၏ စားနပ်ရိက္ခာနှင့်ဝင်ငွေများပါ ထိခိုက်သွားကြောင်း ဦးဆာအောင်က ထည့်သွင်းပြောဆိုခဲ့သည်။

“တချို့ကတော့ စုဆောင်းထားတဲ့စားနပ်ရိက္ခာတွေ ကုန်ကြပြီ ဒါကြောင့်တချို့တွေက ဒေသက တောထွက်တွေကို ဒေသအစားအစာလုပ်ပြီး စားကြတာရှိတယ်။ ဆန်တွေဆီတွေလာရောင်းရင်လည်း ဝယ်မယ့်ပိုက်ဆံမရှိဘူး။ တော်တော်လေးကို အခက်တွေ့နေတာ ပိုက်ဆံရှာမယ့်ဟာလည်းမရှိဘူး အရင် ကကြတော့တရုတ်ပြည်လမ်းတွေ ဖွင့်ပေးတော့ ဒေသမှာထွက်တဲ့ ဆန်းချီ၊ရေခဲတောင်က ထွက်တဲ့ဟာ တွေကို တရုတ်ပြည်ဘက်မှာ ရောင်းတော့အဆင်ပြေတာပေါ့”ဟု ဦးဆာအောင်ကထည့်သွင်း ပြောဆိုခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်က ဒေသခံများအနေဖြင့် စားနပ်ရိက္ခာများကို ပူတာအိုဘက်မှ ဝယ်ယူမည်ဆိုပါက လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် (၂၀၀၀၀၀)နီပါးကုန်ကျမည်ဖြစ်ပြီး ဒေသ၏ စီးပွားရေးအခြေအနေအရ အခက်အခဲဖြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ဆိုင်ကယ်တစ်စီးကို လူတယောက်ရှစ်သောင်းပေးရတယ် ပူတာအိုကနေပေါ့ လားတစ်ကောင်ကို တစ်သိန်းအထက်ပေးရတယ်။ လားတစ်ကောင်ဆိုရင် ဆန်တစ်အိတ်ပဲရမယ်လေး။”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဂိတ်ဝင်ပေါက်များမှာ တရားဝင်နယ်စပ်ဝင်ပေါက်မဟုတ်သောကြောင့် ကချင်ပြည်နယ်အစိုးရ ဘက်မှ ပိတ်သိမ်းရန် တစ်စုံတရာညွန်ကြားမှု မရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရဖွဲ့မှ ညွန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုသည်။

“ဂိတ်ကတော့ တရားဝင်ဖွင့်ထားတဲ့ဂိတ်မရှိဘူး။ ဒါပေမယ့် နယ်စပ်မှာဆိုတော့ ကျေးရွာလေးတွေရှိကော င်းရှိမယ် ဟိုဘက်ဒီဘက်သွားလာတာတွေ ရှိကောင်းရှိမယ်။ တရားဝင်ဂိတ်တော့မရှိဘူး။ မရှိတဲ့အတွက် ကျွန်တော်တို့ဘက်က ပိတ်ထားစရာလည်း မလိုပါဘူး။ ရှိလည်းမရှိပါဘူး ” ဟု ဦးဇော်ဇော်က ပြောသည်။

ကချင်ပြည်နယ်အစိုးရ အနေဖြင့် ကိုဗစ်ကာလအတွင်း ခေါင်လန်ဖူးဒေသအတွင်းရှိ ဝေးလံခေါင်သီသည့်ဒေများမှ ပြည်သူများနှင့် ဝန်ထမ်းများအတွက် သုံးလစာတစ်ကြိမ်နှင့် တစ်လစာတစ်ကြိမ် စားနပ်ရိက္ခာ ထောက်ပံ့မှုများ ပေးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သိရသည်။

လွမ်းအောင်

#PeopleMedia #EPN #ခေါင်လန်ဖူး


Share this post