• Follow Us on

Home နျူကလီးယားထိပ်ဖူး ၃,၇၅၀ အမေရိကန် စုစည်းထိန်းသိမ်းထား

နျူကလီးယားထိပ်ဖူး ၃,၇၅၀ အမေရိကန် စုစည်းထိန်းသိမ်းထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆ (People Media)

 

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး သတင်းအမှောင်ချ ထားသော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုင်းပြည်တွင် သိမ်းဆည်းသိုဝှက်ထားသည့် နျူက လီးယားထိပ်ဖူးများအရေအတွက်ကို လေးနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လူသိရှင်ကြားထုတ်ဖော်ပြော ကြားလိုက်သည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အမေရိကန်နိုင်ငံသည် အသင့်ပြင်ဆင်ထားသောနျူကလီယား ထိပ်ဖူးနှင့် အသင့်ပြင်ဆင်မထားသောနျူကလီးယားထိပ်ဖူး စုစုပေါင်း ၃,၇၅၀ ရှိကြောင်းသိရသည်။

 

အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အား ပြိုင်ခဲ့ကြသည့် စစ်အေးတိုက်ပွဲကာလအမြင့်ဆုံးအချိန်ဖြစ်သော ၁၉၆၅ ခုနှစ်တွင် အမေရိကန်က စုစည်းထားသည့် နျူကလီးယားထိပ်ဖူး ၃၁,၂၅၅ နှင့် နှိုင်းယှဉ်ပါက လက်ရှိ နျူ ကလီးယားထိပ်ဖူးအရေအတွက်မှာ အနိမ့်ဆုံးအရေအတွက်ဖြစ်သည်။

 

သမ္မတထရမ့်လက်ထက်တွင် အချိန်ဆွဲထားသော လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲကို ရုရှားနိုင်ငံနှင့် ပြန်လည် ဆွေးနွေးရန် ဂျိုးဘိုင်ဒန်အစိုးရက ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်း အောက်တိုဘာ ၅ ရက်နေ့က ယခုထုတ် ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

“တိုင်းပြည်မှာ နျူကလီးယားလက်နက်တွေစုစည်းထားတာကို ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောဆိုလာတာဟာ နျူကလီးယားလက်နက်နဲ့ ဓာတုလက်နက် မပြန့်ပွားရေးနဲ့ ဖျက်သိမ်းရေး ကြိုးပမ်းအားထုတ်မှုတွေအတွက် အ ရေးပါတဲ့ဆောင်ရွက်ချက်ပဲဖြစ်ပါတယ်။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။

 

အီရန်နိုင်ငံ၏ နျူကလီးယားသဘောတူညီချက်စာချုပ်နှင့် ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသော တာလတ်ပစ်နျူကလီး ယားတပ်ဖွဲ့ဝင်များစာချုပ်မှ နုတ်ထွက်ခဲ့သော အမေရိကန်သမ္မတဟောင်းထရမ့်သည် ရုရှားနှင့်ချုပ်ဆိုထားသော New Start Treaty (နျူကလီးယားလက်နက်လျှော့ချရေးစာချုပ်) မှလည်း နုတ်ထွက်ခဲ့သည်။

 

New Start စာချုပ်သည် အမေရိကန်နှင့် ရုရှားတို့ ထိန်းသိမ်းထားသော နျူကလီးယားထိပ်ဖူး အရေအတွက်ကို ကန့်သတ်ထားပြီး အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးသည့်အချိန်တွင် အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံက နျူကလီး ယားထိပ်ဖူးများလျော့ကျသွားစေရန် ရည်ရွယ်ထားသည့် စာချုပ်ဖြစ်သည်။

 

သမ္မတထရမ့်က ၎င်းအနေဖြင့် တရုတ်နိုင်ငံပါဝင်သည့် စာချုပ်အသစ်ချုပ်လိုကြောင်းပြောသည်။ တရုတ်နိုင်ငံ သည် အမေရိကန်ပြည်ထောင်စု၊ ရုရှားနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက နျူကလီးယားထိပ်ဖူး အနည်းငယ်သာပိုင်ဆိုင် သည့်နိုင်ငံဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အာဏာရလာသော သမ္မတဂျိုးဘိုင်ဒန်က ၎င်းအာဏာရလျှင်ရချင်း  ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသည့် New Start စာချုပ်သက်တမ်းကို နောက်ထပ်ငါးနှစ် ထပ်မံသက်တမ်းတိုးရန် အဆိုပြုခဲ့ရာ ရု ရှားသမ္မတဗလာဒီမာပူတင်က ချက်ချင်းသဘောတူခဲ့သည်။ အဆိုပါစာချုပ်က ရုရှားနှင့် အမေရိကန်တို့ နျူက လီးယားထိပ်ဖူးများကို ၁,၅၅၀ အထိ လျှော့ချ၍ တပ်ဖြန့်ချထား နိုင်ကြောင်း ကန့်သတ်ထားခဲ့သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က ရုရှားနှင့် အမေရိကန် သံတမန်များ ဂျီနီဗာတွင် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ပြီး New Start စာချုပ်နောက်ဆက်တွဲအကြောင်းအရာများနှင့် သမရိုးကျလက်နက်များထိန်းချုပ်ရေးအကြောင်းကို လည်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများထွက်ပေါ်လာကြောင်း အမေရိကန်အရာရှိတစ်ဦး ကပြောဆိုပြီး နှစ်ဖက်စလုံးက အပြုသဘောဆောင်သည့်ဆွေးနွေးပွဲဖြစ်ကြောင်းပြောဆိုခဲ့သည်။

 

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျုမှ ၂၀၂၁ ဇန်နဝါရီလတွင် ထုတ်ပြန်သည့်စာရင်း များအရ ဖျက်သိမ်းလိုက်သောထိပ်ဖူးများအပါအဝင် နိုင်ငံအလိုက်ကျန်ရှိနေသည့်နျူကလီယားထိပ်ဖူးများမှာ အမေရိကန်ပြည်ထောင်စုတွင် ၅,၅၅၀ ၊ ရုရှားနိုင်ငံတွင် ၆,၂၅၅ ၊ တရုတ်နိုင်ငံတွင် ၃၅၀ ၊ ဗြိတိန်နိုင်ငံတွင် ၂၂၅ ၊ ပြင်သစ်နိုင်ငံတွင် ၂၉၀ ဖြစ်ကြောင်းသိရပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး၊ မြောက်ကိုရီးယားနိုင်ငံတို့တွင် နျူက လီယားထိပ်ဖူး ၄၆၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

 

Ref: US maintains 3,750 active and inactive nuclear warheads

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref: US maintains 3,750 active and inactive nuclear warheads

 

#PeopleMedia


Share this post