• Follow Us on

Home ရုရှားနှင့် တရုတ်တို့၏ ပထဝီစီးပွားရေး လောင်းကြေး သို့မဟုတ် မြန်မာ

ရုရှားနှင့် တရုတ်တို့၏ ပထဝီစီးပွားရေး လောင်းကြေး သို့မဟုတ် မြန်မာ

Share this post

ထိုင်ဝမ်အရေး/ ယူကရိန်းအရေးတို့နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေ စဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖိန်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီရိုင်း ပင်းကြရန် ကတိပြုနေကြသည့်ပုံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဗီဒီယိုလင့်ခ်တစ်ခုတွင် တွေ့မြင် ကြရသည်။

 

သို့သော် အနီးစပ်ဆုံး နှစ်နိုင်ငံဆက်ဆံရေးများရှိနေသည့်တိုင်အောင် နှစ်နိုင်ငံဆက်ဆံရေးတွင် ပြိုင်ဆိုင်မှုများပါ ဝင်နေပါသည်။ (ဥပမာ- အမေရိကန်ဘိုးရင်းကုမ္ပဏီနှင့် ဥရောပ အဲဘတ်စ်တို့လို ယှဉ်ပြိုင်မှုမျိုး။)

 

ကိုးရက်အကြာတွင် တရုတ်နိုင်ငံက ပြည်တွင်းထုတ်ရေငုပ်သင်္ဘောတစ်စီးကို မြန်မာရေတပ်သို့ လွှဲပြောင်းပေး လိုက်ခြင်းဖြင့် ရုရှားအစိုးရထက် ခြေတစ်ဖျားသာသွားသည့် တရုတ်အစိုးရက ယှဉ်ပြိုင်လိုသည့်စွမ်းအားကို ခင်း ကျင်းပြသလိုက်ပါသည်။ မြန်မာရေတပ်က ယင်းရေငုပ်သင်္ဘောကို UMS မင်းရဲကျော်ထင်ဟု အမည်ပေးခဲ့သည်။

 

၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလကတည်းက မြန်မာအစိုးရသည် ရေငုပ်သင်္ဘောအုပ်စုတစ်စု ပိုင်ဆိုင် ခွင့်ရရှိရေးအတွက် ကြိုးပမ်းခဲ့ပါသည်။ အာဆီယံဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေး ရှား၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ကို အမီလိုက်ရန် ယင်းသို့ ကြိုးပမ်းနေခြင်းဖြစ်နိုင်ပါသည်။

 

သို့သော် မြန်မာနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းဝယ်ယူရရှိနိုင်သည့်အခွင့်အလမ်းမှာ အလွန်နည်းပါးပါသည်။ မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လက်နက် တင်သွင်းခွင့်ပိတ်ပင်ထားပါသည်။ အလားတူ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံကို စစ်ရေ ယာဉ်များရောင်းချခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ပါသည်။

ထို့အတူ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ကလည်း ၎င်းတို့နိုင်ငံထုတ်ရေငုပ်သင်္ဘောများကို မြန်မာနိုင်ငံသို့ ရောင်းချ ရန် ကမ်းလှမ်းခြင်းပြုလုပ်မည့်အခြေအနေမျိုး မတွေ့ရပေ။

 

ယင်းသို့ပိတ်ဆို့သည့်နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသို့ ပထမနှင့် ဒုတိယအကြီးမားဆုံး စစ်လက်နက်ပစ္စည်း များတင်ပို့နေသည့်နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံတို့ မပါဝင်ပါ။

 

ရုရှားနိုင်ငံက အတွင်းလမ်းကြောင်းရှိပုံရပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဆိုဗီယက်ခေတ်ကီလို အဆင့်ရေငုပ်သင်္ဘောတစ်စီးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ရန် အိန္ဒိယနိုင်ငံကို ရုရှားနိုင်ငံက သဘောတူခွင့် ပြုခဲ့ပါသည်။

 

အဆိုပါရေငုပ်သင်္ဘောမှာ အိန္ဒိယရေတပ်တွင် ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံသို့ မပို့မီ ပြန်လည် မွမ်းမံပြင်ဆင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံက ပြည်ပသို့တင်ပို့ရန် ရေငုပ်သင်္ဘောများထုတ်လုပ်ခြင်း မရှိပါ။

 

ရေငုပ်သင်္ဘောရောင်းချမှုမှာ အိန္ဒိယနိုင်ငံအတွက်ရော ရုရှားနိုင်ငံအတွက်ပါ အကျိုးစီးပွားများရှိပါသည်။ တရုတ် သြဇာလွှမ်းမိုးမှုကိုတုံ့ပြန်ရန် ရည်ရွယ်ချက်တစ်ရပ်အဖြစ် မြန်မာအစိုးရနှင့် ကာကွယ်ရေးကဏ္ဍတိုးမြှင့်သည့် အ နေဖြင့် အိန္ဒိယနိုင်ငံမှ အသုံးပြုပြီးသားရေငုပ်သင်္ဘောကို မြန်မာနိုင်ငံက ဝယ်ယူခဲ့ပါသည်။

 

ရုရှားနိုင်ငံဘက်ကကြည့်မည်ဆိုပါက မြန်မာများ ရုရှားနည်းပညာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် လက်တွေ့အ သုံးချနိုင်သောသင်တန်းနှင့်အတူ အိန္ဒိယနိုင်ငံက အသုံးပြုပြီသား ရေငုပ်သင်္ဘောကို မြန်မာနိုင်ငံသို့ထောက်ပံ့ ပေးခဲ့ပါသည်။ ယင်းကဲ့သို့ ရုရှားနည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်လာပါက ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောအသစ် များကို မြန်မာနိုင်ငံက ဝယ်ယူလာလိမ့်မည်ဟု မျှော်လင့်တွေးဆနိုင်ပါသည်။

 

မကြာမတင်ကာလအတွင်းမှာပင် မြန်မာအစိုးရက ရုရှားနိုင်ငံမှ ဗာရှေဗီယန်ကာအဆင့် (Varshavyanka-class) ရေငုပ်သင်္ဘောတစ်စီး သို့မဟုတ် နှစ်စီးကို ဝယ်ယူရန် ကနဦးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ယင်းရေငုပ်သင်္ဘော အမျိုးအစားကို အဆင့်မြင့်ကီလိုအဆင့်အတန်းရေငုပ်သင်္ဘောများဟုလည်း ခေါ်ပါသည်။

 

ဗီယက်နမ်နိုင်ငံက အစွမ်းထက်လှသည့်ယင်းရေငုပ်သင်္ဘော ခြောက်စီးကို အသုံးပြုနေပြီဖြစ်ပါသည်။ ယင်းရေ ငုပ်သင်္ဘောများကို တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံကို ရင်ဆိုင်နိုင်ရန် ခန့်ငြားသောအဟန့်အတား အဖြစ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံသည် အာဆီယံအခြားနိုင်ငံများ အထူးသဖြင့် ဒေသတွင်းအကြီးမားဆုံးသောဝယ်လက်ဖြစ်သည့် ဗီ ယက်နမ်နိုင်ငံနှင့်အတူ နောက်ထပ်စစ်လက်နက်ပစ္စည်းဝယ်ယူမည့်နိုင်ငံ ထပ်မံတိုးပွားလာစေရေး ဆောင်ရွက် ရန်နှင့် မြန်မာစစ်အစိုးရ၏ နံပတ်တစ်စစ်လက်နက်ပစ္စည်းများထောက်ပံ့သည့် တရုတ်နေရာကို ဝင်ရောက်လုယူ ရန်အတွက် မြန်မာနိုင်ငံကို ရေငုပ်သင်္ဘောများရောင်းချရန် စိတ်အားထက်သန်လျက်ရှိပါသည်။

 

တရုတ်နိုင်ငံကိုကြည့်ရသည်မှာ နောက်ပြန်ဆုတ်သွားပုံရပါသည်။ သို့သော် ရုရှား၏ စိတ်ပါဝင်စားမှုမှာ စီးပွားရေး အမြတ်အစွန်းကိုကြည့်သော စိတ်ပါဝင်စားမှုဖြစ်ပြီး တရုတ်၏ အကြောင်းပြချက်မှာ ပထဝီနိုင်ငံရေးနှင့် မြန်မာစစ် ဗိုလ်ချုပ်များအပေါ် သြဇာလွှမ်းမိုးရေးဆက်လက်ထိန်းသိမ်းထားရန်ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံက ၎င်းတို့၏ရေငုပ်သင်္ဘောကို မြန်မာနိုင်ငံအား လွှဲပြောင်းပေးလိုက်သည့်အခါ တရုတ်နိုင်ငံက အဆိုပါရေငုပ်သင်္ဘောလွှဲပြောင်းမှုကို အထင်သေးနှာခေါင်းရှုပ်ခဲ့သည်။ တရုတ်အစိုးရထုတ် ဂလို ဘယ်လ်တိုင်းမ်စ် သတင်းစာက ယင်းရေငုပ်သင်္ဘောရောင်းချမှုကို တမင်တကာရန်ဆွပေးခြင်းအဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပြီး အဆိုပါရေငုပ်သင်္ဘောမှာ အနားပေးခံထားရပြီး ခေတ်မမီတော့သော သင်္ဘောအဖြစ် အထင်သေး နှိမ်ချရေးသားခဲ့သည်။

 

သို့သော် မကြာသေးမီက တရုတ်နိုင်ငံမှ မြန်မာတို့လက်ခံရရှိခဲ့သော ရေငုပ်သင်္ဘောမှာလည်း စွမ်းရည်အားဖြင့် ပိုမိုကောင်းမွန် ခြင်းမရှိသည့်အပြင် ယခင်ရေငုပ်သင်္ဘောထက်ပင်ဆိုးရွားသည်ဟုဆိုသည်။

 

မင်းရဲကျော်ထင်ရေငုပ်သင်္ဘောမှာ ၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်းကာလက ဝူဟန်မြို့တွင်တည်ဆောက်ခဲ့ သော Type 035B မင်အဆင့်အတန်းရေငုပ်သင်္ဘောဖြစ်သည်။ မင်အဆင့်အတန်း ရေငုပ်သင်္ဘောမှာ ဆိုဗီယက် ခေတ် ၁၉၅၀ ပြည့်နှစ်များဆီက ထုတ်လုပ်ခဲ့သော ရိုမီယိုအဆင့်အတန်းရေငုပ်သင်္ဘောများ၏ မူကွဲပုံစံဖြစ်သည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သည် ၂၀၀၃ ခုနှစ်တွင် ပင်လယ်ဝါအတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Type 035B မင်အဆင့်အတန်းရေငုပ်သင်္ဘောတစ်စီးနှင့်အတူ ရေတပ်ဖွဲ့ဝင် ၇၀ ဆုံးရှုံးခဲ့ရသည်။

 

တရုတ်နိုင်ငံသည် ပိုမိုခေတ်မီသောရေငုပ်သင်္ဘောများကို ဦးစားပေးတည်ဆောက်လျက်ရှိရာ Type 035B မင်  အဆင့်အတန်းရေငုပ်သင်္ဘောများထုတ်လုပ်မှုကို တဖြည်းဖြည်းရပ်ဆိုင်းလျက်ရှိသည်။ ၂၀၁၆ ခုနှစ်က Type 035G ရေငုပ်သင်္ဘောနှစ်စီးကို ပြန်လည်မွမ်းမံပြင်ဆင်ကာ ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ လျှော့ဈေး အမေရိကန်   ဒေါ်လာ ၂၀၃ သန်းဖြင့် ရောင်းချပေးခဲ့သည်။

 

မင်းရဲကျော်ထင်ရေငုပ်သင်္ဘောကို မြန်မာနိုင်ငံသို့ လွှဲပြောင်းခြင်းမပြုမီ တရုတ်နိုင်ငံက လိုအပ်သလို အဆင့်မြှင့် တင်မှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါရေငုပ်သင်္ဘောကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ရောင်းချခြင်းလား သို့မ ဟုတ် လက်ဆောင်ပေးခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

 

သို့သော် တရုတ်နိုင်ငံသည် မြန်မာရေတပ်၏ နောက်ထပ် ရေငုပ်သင်္ဘောမျိုးဆက်များအတွက် ဒီယုန်မြင်၍ ဒီချုံ ထွင်ရန်အလို့ငှာ အသုံးပြုပြီးသားမင်အဆင့်အတန်းရေငုပ်သင်္ဘောများထက် ပိုမိုကောင်းမွန်သောရေငုပ်သင်္ဘော များကို ကမ်းလှမ်းလာပါလိမ့်မည်။

 

အဖြစ်နိုင်ဆုံးအခြေအနေမှာ ဒီဇယ်-အီလက်ထရစ် Type 041 ယူယန်အဆင့်အတန်း နောက်ဆုံးပေါ်မူကွဲရေ ငုပ်သင်္ဘောများကို တရုတ်နိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ကမ်းလှမ်းလာနိုင်ပါသည်။

 

ယင်းကမ်းလှမ်းချက်မှာ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလျံ တန်အရောင်းအဝယ်မျိုးတစ်ကျော့ပြန်လာခြင်းဖြစ်ပါလိမ့်မည်။ (ထိုစဉ်က တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို နှစ်စီး ဝယ် တစ်စီးလက်ဆောင်ပေးစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။)

 

ထိုစဉ်က ရုရှားနိုင်ငံကလည်း ထိုင်းနိုင်ငံကို ရေငုပ်သင်္ဘောများရောင်းချရန် ရေလာမြောင်းပေးလုပ်ခဲ့သော် လည်း တရုတ်နိုင်ငံကို အလျှော့ပေးခဲ့လိုက်ရသည်။ တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို ရေငုပ်သင်္ဘောသုံးစီးဝယ် ယူလျှင် နှစ်စီးဖိုးသာပေးချရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သလို တိုက်ခိုက်ရေးစနစ်များ၊ တော်ပီဒိုများ၊ သင်တန်းများ၊ ရေငုပ်သင်္ဘောကျောက်ချရပ်နားရန်နေရာများနှင့် အရစ်ကျပေးဆပ်ခြင်းများ စသည်တို့ကိုပါ ကမ်းလှမ်းခဲ့သည်။

 

ပထမဦးဆုံးရေငုပ်သင်္ဘောကို လက်ရှိအချိန်တွင် ဝူဟန်မြို့တွင် ဆောက်လုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် အပြီး တည်ဆောက်ရန် စီစဉ်ထားသည်။

 

COVID-19 ကပ်ရောဂါဘေးကြောင့် စီးပွားရေးကျဆင်းခဲ့ကြသည့်အတွက် ဒုတိယမြောက်ရေငုပ်သင်္ဘောနှင့် တ တိယမြောက်ရေငုပ်သင်္ဘောများအတွက် ငွေပေးချေမှုကို ၂၀၂၁ ခုနှစ်တွင် ပြန်လည်ညှိနှိုင်းခဲ့ကြသည်။ သို့သော် ရည်ရွယ်ချက်မှာ ရေငုပ်သင်္ဘောသုံးစီးစလုံး ၂၀၂၆ ခုနှစ်တွင် အသုံးပြုနိုင်ရန်ဖြစ်သည်။

 

တရုတ်အစိုးရနှင့် ရုရှားအစိုးရ မည်သည့်အစိုးရက အောင်နိုင်သူအဖြစ်ပေါ်ထွက်လာမည်ဆိုသည်ကို ကွဲကွဲပြား ပြား မသိရသေးပေ။

 

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရုရှားထုတ်စစ်လက်နက်ပစ္စည်းကို ပိုကြိုက်ပါ သည်။ ဇန်လအတွင်းက ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင် ရုရှားလက်နက်စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့ သော်လည်း တရုတ်လက်နက်စက်ရုံများသို့ သွားရောက်ကြည့်ရှုခြင်းမရှိသေးပေ။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားထုတ်စစ်လက်နက်ပစ္စည်းများ၏ ပိုမိုကောင်းမွန်သောအရည်အသွေး ကို နှစ်သက်သဖြင့်လည်းကောင်း၊ တရုတ်အစိုးရကို အလွန်အကျွံမမှီခိုလိုသည့်အတွက်လည်းကောင်း တရုတ် စစ်လက်နက်များထက် ရုရှားစစ်လက်နက်များကို ပိုမိုနှစ်သက်နေပုံရပါသည်။

 

တိုင်းပြည်စီးပွားရေးမှာ ကာလရှည်ယုတ်လျော့နေသည့်အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ အသည်းအသန်လို အပ်နေသော ကြီးမားသောစီးပွားရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် ၎င်းတို့၏ရေငုပ်သင်္ဘောများကို ဝယ်ယူရန် တ ရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို အကျပ်ကိုင်ကောင်း အကျပ်ကိုင် နိုင်ပါသည်။

 

တရုတ်အစိုးရနှင့် ရုရှားအစိုးရကြား ချိန်ခွင်လျှာထိန်းညှိကစားနိုင်ရန် မြန်မာအစိုးရအတွက် လိမ်မာပါးနပ်သော နည်းလမ်းတစ်ရပ်လိုပါသည်။ ယင်းမှာ တရုတ်အစိုးရထံမှ ရေငုပ်သင်္ဘောများဝယ်ယူပြီး ရုရှားအစိုးရထံမှ တိုက် လေယာဉ်များဝယ်ယူခြင်းမျိုးဖြစ်ပါသည်။ (အင်ဒိုနီးရှားနိုင်ငံက SU-35 ဂျက်တိုက်လေယာဉ် ၁၁ စင်းဝယ်ယူရန် သဘောတူညီခဲ့သော်လည်း အမေရိကန်၏အရေးယူပိတ်ဆို့မည်ဆိုသည့် ခြိမ်းခြောက်မှုကို ကြောက်၍ နောက် ဆုံးတွင် ကတိဖျက်ခဲ့ရသည်။)

 

မည်သည့်နိုင်ငံက ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ကို အပြီးသတ်ချုပ်ဆိုခဲ့သည်ဖြစ်စေ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ရန် တစ်ကမ္ဘာလုံးကို ဆော်သြနေသည့် အမေရိကန်၏ လတ်တလောတောင်းဆိုနေ မှုကို တရုတ်နှင့် ရုရှားက လုံးဝ (လုံးဝ) ဂရုစိုက်မစိုက်သည်မှာ အလွန်ရှင်းလင်းထင်ရှားပါသည်။

 

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် ပထဝီစီးပွားရေးလောင်းကြေးကား မြင့်မားလှပေစွတကား။

 

စင်္ကာပူအခြေစိုက် CAN သတင်းဌာနမှ ဒေါက်တာအီရန်စတိုရီ (Dr Ian Storey) ၏ Commentary: Why China transferred a submarine to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 



 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post