တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် မြို့ကြီးများတွင် ဆီတင်ယာဉ်များအား အရန်သင့်ထားရှိ
PUBLISHED - November 20, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၀
တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော – အင်းလေး – တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန် – ပဲခူး – မော်လမြိုင် လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် စက်သုံးဆီတင်ယာဉ်များဖြင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်းထားရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် အရန်ဆီများ ကြိုတင်ထားရှိစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက်တွင် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။
#PeopleMedia