ဒုတိယသမ္မတ ဦးညိုစော ကိုကိုးကျွန်းမြို့မှ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ
PUBLISHED - November 21, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၁
ဒုတိယသမ္မတ ဦးညိုစောသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်နှင့်အတူ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့သို့ သွားရောက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့သည်။
တွေ့ဆုံစဉ် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ကိုကိုးပင်နှင့် နှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အုန်းနှင့် ကိုကိုးထွက်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေဖူလုံရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေးနှင့် ကိုကိုးကျွန်းဒေသ၏ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် ကိုကိုးပင်စိုက်ခြံအမှတ် (၁)၊ ကိုကိုးကျွန်းရေလှောင်တမံ (၂) တည်ဆောက်ရေးစီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
#PeopleMedia