AA လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ
PUBLISHED - March 12, 2024
နေပြည်တော်၊ မတ် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက် ဘက် မီတာ ၅၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါဒလိပ်ကျေးရွာရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ဒဏ်ရာများရရှိသည့် ကျောင်းသားကျောင်းသူတို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရ သည်။
#PeopleMedia