• Follow Us on
Latest News

Home AA သူပုန်အဖွဲ့ ရခိုင်ပြည်နယ်မှာ အရှိန်မြှင့်တိုက်ခိုက်

AA သူပုန်အဖွဲ့ ရခိုင်ပြည်နယ်မှာ အရှိန်မြှင့်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅

 

မြန်မာနိုင်ငံတစ်ဝန်း အစိုးရတပ်မတော်စခန်းတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ သူပုန်တွေက တိုက်ခိုက်နေတဲ့အချိန် မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ကလည်း တိုက်ပွဲဒုတိယ မြောက်နေ့အဖြစ် ဆက်လက်အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ AA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

AA သူပုန်အဖွဲ့က ရခိုင်ပြည်နယ် ချိန်ခါလီမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို အင်္ဂါနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) မနက်ပိုင်းက သိမ်းပိုက်ခဲ့ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက AFP ကို ပြောပါတယ်။

 

AA အဖွဲ့ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ အရုဏ်တက်မှာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ပလက်ဝမြို့နယ်ထဲက တောင်ပေါ်တပ်စခန်းတွေကိုလည်း တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

 

ပလက်ဝဘက်က တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်ဘက်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

 

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို အမြောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

 

AA သူပုန်အဖွဲ့ဟာ ရခိုင်ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် လက်နက်ကိုင်စွဲတိုက်ပွဲဝင်နေတဲ့ သူပုန် အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ အင်္ဂါနေ့က လုံခြုံရေးတင်းကျပ်ထားပြီး လေဆိပ်နဲ့ တရားရုံးသွားတဲ့ လမ်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက AFP ကို ပြောပါ တယ်။

 

တနင်္လာနေ့ (နိုဝင်ဘာလ ၁၃ ရက်နေ့) က AA သူပုန်အဖွဲ့ဟာ ရသေ့တောင်၊ မောင်းတော၊ မင်းပြား စတဲ့မြို့နယ် တွေမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

 

တိုက်ပွဲအတွင်း AA အဖွဲ့က ၆ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ၁၀ ဦးသေဆုံးတယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့လ နှောင်းပိုင်းက AA သူပုန်အဖွဲ့ဟာ တခြားသူပုန်အဖွဲ့နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီး တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့၊ ရွာတွေ၊ တပ်မတော်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

 

AA သူပုန်အဖွဲ့၊ MNDAA ကိုးကန့်သူပုန်အဖွဲ့နဲ့ TNLA ပလောင်သူပုန်အဖွဲ့တို့ဟာ တပ်မတော်စခန်းအများအပြား ကို သိမ်းပိုက်ခဲ့ပြီး တရုတ်နယ်စပ်ကိုသွားတဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုကို ပိတ်ထားလိုက်သလို နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကိုလည်း သိမ်းပိုက်ထားလိုက်ပါတယ်။

 

တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူဦးရေ ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။

 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခေါ် KNDF ကယားသူပုန်အဖွဲ့က ထိုင်းနယ်စပ်အနီးတည်ရှိတဲ့ ကယား ပြည်နယ် အရှေ့ပိုင်းက မြို့တော်အနီး တပ်မတော်စခန်းတွေကို တိုက်ခိုက်နေစဉ်အတွင်းမှာပဲ တနင်္လာနေ့မှာ ရခိုင်ပြည် နယ်မှာ AA သူပုန်အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာတာဖြစ်ပါတယ်။

 

KNDF ကယားသူပုန်အဖွဲ့ဟာ ကယားပြည်နယ် လွိုင်ကော်မြို့ကို သိမ်းယူဖို့ ကြိုးစားနေတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်ဘီဒူးက AFP ကို တနင်္လာနေ့ညနေပိုင်းက ပြောပါတယ်။

 

လွိုင်ကော်မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေစဉ်အတွင်း တပ်မတော်ဘက်က လေကြောင်းက နေ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Myanmar Armed Group Presses Offensive in Rakhine State

 

#PeopleMedia


Share this post