AIM-9X ဒုံးကျည်တွေနဲ့အတူ F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းလက်ခံရရှိပြီဟုဆို
PUBLISHED - August 2, 2024
နိုင်ငံတကာ၊ သြဂုတ် ၂
ယူကရိန်းနိုင်ငံက ကာလရှည်စောင့်မျှော်နေတဲ့ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ကို ခေတ်မီ AIM-9X ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေနဲ့အတူ လက်ခံရရှိပြီဖြစ်ကြောင်း EUROMAIDAN မှာ ဖော် ပြထားပါတယ်။ ရုရှားရဲ့ လေကြောင်းအင်အားသာလွန်မှုကို တန်ပြန်ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်ထုတ် F-16 တွေရရှိဖို့ ယူကရိန်းနိုင်ငံဟာ နှစ်နှစ်ကျော် ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ယူကရိန်းလေတပ်ဟာ နှစ်ရှည်လများစောင့်မျှော်နေတဲ့ F-16 ဂျက်တိုက်လေ ယာဉ်တွေကို လက်ခံရရှိခဲ့ပြီလို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပထမဦးဆုံးရောက်ရှိလာတဲ့ F-16 ဂျက်တိုက်လေယာဉ် ၆ စင်းဟာ နယ်သာလန်နိုင်ငံက ရောက်ရှိလာတာ ဖြစ်ပြီး အများဆုံး ၁၀ စင်းအထိ လက်ခံရရှိနိုင်တယ်လို့ The New York Times က ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေနဲ့အတူ AIM-9X ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေပါ လက်ခံရရှိထားတယ်လို့ သိရပြီး ရေသီယွန်ကုမ္ပဏီထုတ် AIM-9X ဒုံးကျည်တွေဟာ F-16 ၊ F-22 နဲ့ F-35 ဂျက်တိုက်လေယာဉ်တွေမှာ သုံးစွဲတဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။
ယူကရိန်းအတွက်ပို့ဆောင်မယ့် F-16 ဂျက်တိုက်လေယာဉ်တွေအုပ်ထဲမှာ AIM-9X ဒုံးကျည်တွေအပြင် AGM-88 HARM ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေ၊ JDAM တာဝေးပစ်ဒုံးကျည်တွေနဲ့ AMRAAM တာလတ်ပစ်ဒုံးကျည် တွေလည်း ပါဝင်တယ်လို့ The Wall Street Journal က ပြောပါတယ်။
Newsweek မီဒီယာရဲ့ မေးမြန်းချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ပြန်လည်ဖြေကြားရာမှာ “လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်တွေနဲ့ တင့်ဖျက်လက်နက်တွေအပါအဝင် ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း” ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NASAMS မြေပြင်-ဝေဟင်ပစ် ခေတ်မီလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ တခြားလက်နက် စနစ်တွေပါဝင်တဲ့ ဒေါ်လာ ၁.၅ ဘီလျံ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းအကူအညီတွေကိုလည်း ပေးအပ်သွား မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
AIM-9X ဒုံးကျည်တွေဟာ ယူကရိန်းမြို့ကြီးတွေနဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနိုင်သလို AIM-9X ဒုံးကျည်တွေနဲ့ AMRAAM ဒုံး ကျည်တွေဟာ ရုရှားရဲ့ နည်းဗျူဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ ယူကရိန်း F-16 တွေ စီးချင်းထိုးတိုက်ခိုက်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
Ref: US sends cutting-edge AIM-9X air-to-air missiles for Ukraine’s new F-16 fighters
#PeopleMedia