AQ 400 Scythe အသေခံဒရုန်းအသစ် တစ်သုတ် ယူကရိန်းလက်ခံရရှိ
PUBLISHED - December 19, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉
ယူကရိန်းနိုင်ငံက ၎င်းတို့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် AQ 400 Scythe တာဝေးပျံ အသေခံဒရုန်းတစ် သုတ်ကို Terminal Autonomy ကုမ္ပဏီထံကနေ လက်ခံရရှိလိုက်ပြီဖြစ်ပါတယ်။
နောက်ထပ်တိုးချဲ့ထုတ်လုပ်ရာမှာ တစ်လကို အသေခံဒရုန်းအစင်းရေ ၁၀၀ ဆက်တိုက်ထုတ်လုပ်ဖို့အတွက် လို အပ်တဲ့အစိတ်အပိုင်းတွေကို ဝယ်ယူပြီးစီးသွားပြီဖြစ်ကြောင်း Terminal Autonomy ကုမ္ပဏီကပြောပါတယ်။
ကီလိုမီတာ ၇၅၀ အကွာအဝေးကို စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့ AQ 400 Scythe ဒရုန်းဟာ အလေးချိန် ၁၀၀ ကီလိုဂရမ်နဲ့ပျံသန်းနိုင်ပြီး ဝန်အလေးချိန် ၄၃ ကီလိုဂရမ်ကို သယ်ဆောင်နိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။
တောင်ပံတစ်ဖက်ထိပ်ကနေ တစ်ဖက်ထိပ်အထိအကွာအဝေး ၂.၃ မီတာ ရှည်လျားတဲ့ AQ 400 Scythe ဒရုန်း ဟာ တစ်နာရီကို ၁၄၄ ကီလိုမီတာနှှုန်းနဲ့ ပျံသန်းနိုင်ပြီး လေထဲမှာ တစ်ဆက်တစ်စပ်တည်း ၆.၅ နာရီကြာအောင် ပျံသန်းနိုင်ပါတယ်။
AQ 400 Scythe ဒရုန်းအစင်း ၁၀၀ ကို လစဉ်ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ယူကရိန်းတပ်တွေဟာ အဲဒီဈေးနှုန်း သက်သာတဲ့အသေခံ ဒရုန်းတွေနဲ့ ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို ပုံမှန်တိုက်ခိုက်သွားနိုင်မှာဖြစ်ကြောင်း Defence Express မီဒီယာက ပြောပါတယ်။
ဒီဒရုန်းအမျိုးအစား လေယာဉ်ချည်းသက်သက် အခြေခံဈေးနှုန်းက တစ်စင်းကို ဒေါ်လာ ၁၅၀၀၀ ဝန်းကျင် လောက်သာရှိပေမဲ့ ဒရုန်းရဲ့ အတွင်းပိုင်းမှာ လိုအပ်တာတွေထည့်မံဖြည့်သွင်းရေးကိုပါ ထည့်သွင်းတွက်ချက် လိုက်ရင် တစ်စင်းကို ဒေါ်လာ ၃၀၀၀၀ ဝန်းကျင်လောက်မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။
မူလက တစ်လကို AQ 400 Scythe ဒရုန်းအစင်းရေ ၅၀ ထုတ်လုပ်ဖို့ စီစဉ်ထားပေမဲ့ Terminal Autonomy ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်အရ ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်မတိုင်ခင် ထုတ်လုပ်မှုကို ဆယ်ဆတိုး မြှင့်ပြီး တစ်လကို အစင်းရေ ၅၀၀ အထိ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
ဒီအရေအတွက်ဟာ အပြီးသတ်ဆုံးဖြတ်ချက်မဟုတ်သေးဘဲ တစ်လကို ဒရုန်းအစင်းရေ ၁၀၀၀ အထိထုတ်လုပ် သွားဖို့ ရည်မှန်းထားကြောင်း၊ ဒါပေမဲ့ အဲဒီလိုထုတ်လုပ်မှုမြှင့်တင်ဖို့ဆိုတာ အချိန်ယူရဦးမှာဖြစ်ကြောင်း Terminal Autonomy ကုမ္ပဏီက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ယူကရိန်းနိုင်ငံရဲ့ ဒရုန်းထုတ်လုပ်မှုကို အဆ ၁၀၀ ကျော် မြှင့်တင်နိုင် ခဲ့ကြောင်း စက်တင်ဘာလအတွင်းက ဒုတိယဝန်ကြီးချုပ်နဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲရေးဝန်ကြီး မီခီလိုဖက်ဒိုရော့ဗ် က ပြောပါတယ်။
Ref: Ukrainian Armed Forces receive a batch of new AQ 400 Scythe kamikaze drones
#PeopleMedia