B-52 ဗုံးကြဲလေယာဉ်မှာ LRSO နျူကလီယားဒုံးကျည်တွေတပ်ဆင်ဖို့ မိတ်ဖက်ကုမ္ပဏီကို အမေရိကန်လေတပ် ရှာဖွေနေ
PUBLISHED - January 18, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈
အမေရိကန် B-52H Stratofortress တာဝေးဗုံးကြဲလေယာဉ်ကြီးတွေမှာ တာဝေးနျူကလီးယားဒုံးကျည်တွေ (Long-Range Standoff -LRSO nuclear missile) တပ်ဆင်ဖို့အတွက် အမေရိကန်လေတပ်က မိတ်ဖက် ကုမ္ပဏီတစ်ခုကို ရှာဖွေနေပါတယ်။
အမေရိကန်လေတပ်ဟာ LRSO နျူကလီယားဒုံးကျည်တွေတပ်ဆင်ရေးအတွက် လိုအပ်တဲ့ ကြားခံဆက်သွယ် ရေးကိရိယာ (Bomber Weapon Interface Equipment -BWIE) ကို ပေါင်းစပ်တပ်ဆင်ပေးနိုင်မယ့် ကုမ္ပဏီ ကို ရှာဖွေနေတာဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ကုမ္ပဏီဟာ B-52 တာဝေးဗုံးကြဲလေယာဉ်ကြီးတွေမှာ LRSO နျူကလီးယားဒုံးကျည်တွေတပ် ဆင် နိုင်ဖို့အတွက် လေယာဉ်ရဲ့ဆိုင်းထိန်းစနစ်တွေ၊ ဗုံး/ဒုံးပစ်စင်တွေကို ပြောင်းလဲပေးရမှာဖြစ်ပါတယ်။
“လက်ရှိတပ်ဆင်ထားတဲ့ လက်နက်စနစ်တွေကို ပြန်လည်ဖြုတ်ချပြီး B-52/LRSO BWIE လိုအပ်ချက်တွေအ တိုင်း ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့်ဆောင် ရွက်သွားရမှာဖြစ်ပါတယ်။” လို့ လေတပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လေးနှစ်အတွင်းမှာ တစ်နှစ်ကို လေယာဉ်တောင်ပံအောက်က ကြားခံကိရိယာ ၁၄ ယူနစ်ကို ထုတ်လုပ်သွားနိုင် ဖို့ အမေရိကန်လေတပ်က မျှော်လင့်ထားပါတယ်။
LRSO နျူကလီးယားဒုံးကျည်တွေတပ်ဆင်ရေးအတွက် ဆုံလည်လောင်ချာပြင်ဆင်မွမ်းမံမှုမှာလည်း လေးနှစ်အ တွင်း တစ်နှစ်ကို လက်နက်စနစ် ၉ ခု အပြီးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် နျူကလီးယားဆုံလည်လောင်ချာအဆင့်မြင့်ကိရိယာ ၂၅ ခုကိုလည်း နှစ်နှစ်/သုံးနှစ်အတွင်း လွှဲပြောင်း ပေးသွားရမှာဖြစ်တယ်လု့ိ ဆိုပါတယ်။
“LRSO နျူကလီယားဒုံးကျည်တွေပေါင်းစပ်တပ်ဆင်ရေးအတွက် B-52/LRSO BWIE လိုအပ်ချက်တွေကိုဖြည့် ဆည်းပေးနိုင်မယ့် နည်းပညာဖြစ်ဖို့ လိုပါတယ်။” လို့ လေတပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်လေတပ်မှာအသုံးပြုနေတဲ့ AGM-86B ဝေဟင်-မြေပြင်ပစ် နျူကလီးယားခရုစ်ဒုံးကျည်တွေကို ရေသီယွန်ကုမ္ပဏီထုတ် LRSO တာဝေးပစ်နျူကလီးယားဒုံးကျည်တွေနဲ့ အစားထိုးသွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် လောက်မှာစတင်ဆောင်ရွက်သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
B-52 တာဝေးဗုံးကြဲလေယာဉ်တွေနဲ့ မကြာခင်အသုံးပြုတော့မယ့် B-21 Raider ဗုံးကြဲလေယာဉ်တေမှာအသုံးပြု ဖို့အတွက် စမ်းသပ်မှုအတွက် ဒုံးကျည် ၆၇ စင်းအပါအဝင် LRSO တာဝေးပစ်နျူကလီးယားဒုံးကျည်အစင်းရေ စုစုပေါင်း ၁၀၂၀ ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်။
ဒေါ်လာ ၁၃ သန်းတန် LRSO တာဝေးပစ်နျူကလီးယားဒုံးကျည်ဟာ မိုင် ၁၅၀၀ (ကီလိုမီတာ ၂၄၀၀) အကွာ အဝေးအထိ ပစ်ခတ်နိုင်တဲ့လက်နက်စနစ်တစ်ခုဖြစ်ပါတယ်။
Ref: USAF Solicits Long-Range Standoff Missile Integration on B-52
#PeopleMedia