Bank Account များအတွင်းမှ Online အသုံးပြုကာ ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူသူနိုင်ငံခြားသားများ အပါအဝင် (၁၁) ဦးအား ဖမ်းဆီးရမိ
PUBLISHED - February 21, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
Bank Account များအတွင်းမှ Online အသုံးပြုကာ ငွေကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူသူ နိုင်ငံခြားသားများ အပါအဝင် (၁၁) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး ၁ ဦး က ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် ကမာရွတ်မြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၃၇၀ သိန်း အားလည်းကောင်း မသမာသူများက Online အသုံးပြု၍ လိမ်လည် ထုတ်ယူသွားကြောင်း အမှုများ ဖွင့် လှစ်တိုင်ကြားလာသဖြင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ Bank Account များအတွင်းမှ Online အသုံးပြုကာ ငွေကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူသူများအား ဖမ်းဆီးရမိနိုင်ရေး အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ သက်ဆိုင်ရာဘဏ်နှင့် ပူးပေါင်း၍ လိမ်လည်ရယူထားသော ငွေကြေးများစီးဆင်းသွားသည့် Bank Account များအား စုံစမ်းခြင်းနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ အား အခြေပြု၍ ဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ငွေကြေးလိမ်လည် လွှဲပြောင်းရယူရာ၌ အသုံး ပြုသည့် Bank Account များအား ဖွင့်လှစ် ရောင်းချ ခဲ့သည့် တရားခံအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူ တရားခံ ၆ ဦးက ၎င်းတို့အနေဖြင့် Bank Account ဖွင့်လှစ်၍ Account တစ်ခုလျှင် ငွေ တစ်သောင်းကျပ်ဖြင့် ငွေကြေးလိမ်လည် လွှဲပြောင်းသူများထံ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် နည်းပညာပိုင်းဖြင့် Bank Account အတွင်းမှ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်း ထုတ်ယူသူများ ဖြစ်ကြသည့် နိုင်ဂျီးရီးယား နိုင်ငံသားနှင့် ၎င်း၏ဇနီးဖြစ်သူ နိုင်ဂျီးရီးယား နိုင်ငံသူတို့ ၂ ဦးအား ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာအမှတ်(၁၈၀၂)၊ တိုက်(C-4)တွင် ပြစ်မှုကျူးလွန်ရာ၌ အသုံး ပြုခဲ့သည့် သက်သေခံပစ္စည်းများ၊ လိမ်လည်လွှဲပြောင်း ထုတ်ယူရာမှရရှိခဲ့သည် ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူ နိုင်ဂျီးရီးယားနိုင်ငံသားများ၏ ထွက်ဆိုချက်များအရ Bank Account များ အတွင်းမှ ငွေကြေး လိမ်လည်လွှဲပြောင်းထုတ်ယူရာတွင် ပူးပေါင်းပါဝင်ကျူးလွန်သူများဖြစ်ကြသည့် နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးတို့အား သန်လျင်မြို့နယ်၊ Star City အိမ်ရာ၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ထားသည်။
ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်ချက်များအရ KBZ Pay Account အား လိမ်လည် မည့်သူသည် Online ပေါ်မှတစ်ဆင့် Facebook Account၊ Facebook Page များတွင် KBZ Pay Level အဆင့်မြှင့်ပေး မည့်အကြောင်းအရာ Post များတင်၍ လိမ်လည်ခံရမည့်သူကို ရှာဖွေခြင်း၊ ဖုန်းနံပါတ် များအား KBZ Pay Application တွင် စစ်ဆေးကြည့်ပါက KBZ Pay Account ဖွင့်ထားခြင်းရှိမရှိ သိနိုင်ပြီး Account ဖွင့်ထားသည့် ဖုန်းနံပါတ်များအား KBZ Bank ၏ KBZ Pay Level မြှင့်ပေးသည့်ဌာနမှ ဝန်ထမ်းပုံစံ အယောင်ဆောင် ဆက်သွယ်ခြင်း၊ KBZ Bank Email Account အတုများဖြင့် KBZ Pay Level မြှင့်ပေးသည့်ဌာနမှ ဝန်ထမ်း ပုံစံအယောင်ဆောင် ဆက်သွယ်ခြင်းစသည့် နည်းလမ်းများဖြင့် လိမ်လည်ခံရမည့်သူများကို ရှာဖွေကြကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူတရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် ပူးပေါင်းပါဝင်ကျူးလွန်သူ တရားခံများကို နိုင်ငံတကာရဲအဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် သတင်းထုတ်ပြန်ထားသည်။
#PeopleMedia
(unicode)
……………………………………………
#PeopleMedia