Best Century Travels and Tours တွင် သေနတ်ပစ်ဖောက် ဓားပြတိုက်သူများကို တစ်နာရီအတွင်း ဖမ်းမိ
PUBLISHED - August 9, 2023
နေပြည်တော်၊ သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၅) ရပ်ကွက်၊ ၅၂ လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်းကြား၊ အမှတ်(၂၉) မြေညီထပ်ရှိ Best Century Travels and Tours တွင် ငွေကျပ် သိန်း ၁၅၀၀ ဓားပြတိုက်ခဲ့သည့် ဓားပြသုံးဦးကို တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၈) ရက် ညနေ (၆) နာရီက Best Century Travel and Tour တွင် ဝန်ထမ်း ရှစ်ဦး ရှိနေစဉ် 7N/8293 Ford ကားအနက်ဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်လာကာ ရုံးကြမ်းပြင်အား ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ပြီး ရုံးအတွင်း ပီနံအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၁၅၀၀ ကို လုယူသွားခဲ့သည်။
အဆိုပါ ဓားပြများကို လုံခြုံရေးအဖွဲ့က လိုက်လံရှာဖွေရာတွင် မရမ်းကုန်းမြို့နယ် အေဒီမီးပွိုင့်တွင် ညနေ (၆) နာရီ (၄၅) မိနစ်က တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ သုံးဦးကို Sigsaure ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခု၊ ဓါးပြတိုက် လုယူသွားသည့် ငွေကျပ်သိန်း ၁၅၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးဦးသည် လှိုင်သာယာမြို့နယ်၊ FMI City တွင် နေထိုင်သည့် အားချီ (၂၁ နှစ်)၊ လှိုင်မင်းထွန်း (၁၆ နှစ်)၊ မရီရီ (၂၆ နှစ်) တို့ ဖြစ်ကြပြီး မောင်နှမအရင်းများဖြစ်ကြောင်း သိရသည်။
Photo – ကုန်သည်လမ်း
#PeopleMedia