• Follow Us on
Latest News

Home CDM လှုပ်ရှားမှုများကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၃၂ ဦးအထိရှိလာ

CDM လှုပ်ရှားမှုများကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၃၂ ဦးအထိရှိလာ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ (People Media)
တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် CDM လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးရေ ၃၂ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ သိရသည်။
အထက်ပါကဲ့သို့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၃၂ ဦးတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင်လင်းလူမှုအဖွဲ့အစည်းမှ မင်းကိုနိုင်၊ ဦးဂျင်မီ အပါအဝင် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အဆိုတော် အနဂ္ဂနှင့် ထင်ရှားကျော်ကြားသူများဖြစ်သည့် မောင်မောင်အေး၊ ပန်ဆယ်လို စသူများနှင့် NLD ပါတီမှ လူပုဂ္ဂိုလ်တချို့ပါဝင်ကြောင်း သိရသည်။
အထက်ပါကဲ့သို့ ဖမ်းဝရမ်းထုတ်ခံထားရသူသည် ၃၂ ဦးအထိရှိနေသော်လည်း ယင်းအနက် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် လူမင်းတစ်ဦးကိုသာ ဖမ်းမိထားပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့က ၎င်း၏ နေအိမ်တွင်သွား ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တပ်မတော် စစ်အစိုးရမှ အရေးပေါ်အခြေအနေကြေငြာပြီး ၂၁ မြောက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများသည် NLD ပါတီမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) တိုင်းနှင့် ပြည်နယ်အလိုက် UEC ဥက္ကဋ္ဌများအပါအဝင် ဆန္ဒ ထုတ်ဖော်မှုတွင် ပါဝင်ပတ်သက်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေသည် ၆၀၀ ကျော်အထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၄၀) ဦးထိရှိပြီး ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ (၄၇) ဦးအထိရှိကြောင်း သိရသည်။
#PeopleMedia #AAPP
(unicode)
……………………………………………
#PeopleMedia #AAPP


Share this post