• Follow Us on
Latest News

Home Cobra Gold စစ်ဆင်ရေးမှာ ဆိုက်ဘာနဲ့ အာကာသခြိမ်းခြောက်မှုတွေ တုံ့ပြန်တဲ့အစီအစဉ်လည်းပါဝင်မှာဖြစ်

Cobra Gold စစ်ဆင်ရေးမှာ ဆိုက်ဘာနဲ့ အာကာသခြိမ်းခြောက်မှုတွေ တုံ့ပြန်တဲ့အစီအစဉ်လည်းပါဝင်မှာဖြစ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ထိုင်းနိုင်ငံမှာ အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ကဖွင့်လှစ်လိုက်တဲ့ ရွှေမြွေဟောက်စစ်ဆင်ရေး (Cobra Gold 2024) မှာ လတ်တလောသတင်းတွေထဲမှာ ခေတ်စားနေတဲ့ အာကာသ ခြိမ်းခြောက်မှုတွေနဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မယ့်အစီအစဉ်တွေလည်းပါဝင်ကြောင်း The Nation မှာရေးသားထားပါတယ်။

 

ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ပြည်ထောင်စုတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ Cobra Gold 2024 ကို ရာယောင်း ပြည်နယ် ဥတဖောင်နိုင်ငံတကာလေဆိပ်မှာ အင်္ဂါနေ့က ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

 

နိုင်ငံပေါင်းလေးငါးနိုင်ငံက တပ်ဖွဲ့ဝင် ၉၅၇၀ ပါဝင်တဲ့ Cobra Gold 2024 စစ်ရေးလေ့ကျင့်မှုကို အရှေ့တောင် အာရှဒေသတွင်းမှာ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုအဖြစ် သတ်မှတ်ထားကြပါတယ်။

 

ဒေသတွင်းနဲ့ နိုင်ငံတကာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တုံ့ပြန်ရမှာ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို မြှင့်တင်ဖို့အတွက် ၄၃ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ပူးတွဲစစ်ရေးလေ့ကျင့် သွားကြမှာဖြစ်ပါတယ်။

 

အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနိးရှား၊ တောင်ကိုရီး ယားနဲ့ မလေးရှားနိုင်ငံ စတဲ့နိုင်ငံပေါင်း ၇ နိုင်ငံက တပ်ဖွဲ့ဝင်တွေ ပါဝင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

 

တခြားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၃၀ ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေ့ကျင့်ခန်းတွေဆောင် ရွက်ရင်း စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာသူတွေအဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။

 

ဒီစစ်ရေးလေ့ကျင့်မှုကို ဘော့ဘူရီပြည်နယ်၊ ချမ်းသာဘူရီပြည်နယ် ဆာကီယိုပြည်နယ်နဲ့ ရာယောင်းပြည်နယ်တို့ အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းနေရာအနှံ့အပြားမှာ မတ်လ ၁၀ ရက်နေ့အထိ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ်။

 

အင်္ဂါနေ့ကကျင်းပခဲ့တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဖွင့်ပွဲ အခမ်းအနားမှာ ထိုင်းတပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဆောင်းဝတ်နုန်းပက်ဒီး၊ အမေရိကန်သံအမတ် ရောဘတ်အက်ဖ်ဂိုဒက်နဲ့ အမေရိကန် I Corps (အင်ဒို- ပစိဖိတ်ဒေသ ကြည်းတပ်ဦးစီးချုပ်) ဒုတိယဗိုလ်ချုပ်ကြီး ဇေဗီယာဘရန်ဆွန်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

 

၄၃ ကြိမ်မြောက် Cobra Gold စစ်ဆင်ရေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့တဲ့အတွက် တော်ဝင်ထိုင်းတပ် မတော်ကို ကျေးဇူးတင်ကြောင်း အဖွင့်မိန့်ခွန်းမှာ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ရေတပ်အနေနဲ့ ထိုင်းပင်လယ်ကွေ့ထဲမှာ နစ်မြုပ်သွားတဲ့ အမေရိကန်ထုတ် HTMS ဆူခိုထိုင်းကော် ဗတ်စစ်ရေယာဉ် ပြန်လည်ဆယ်တင်ရာမှာ အကန့်အသတ်နဲ့ ဆောင်ရွက်နေရတဲ့ ထိုင်းရေတပ်ကို ကူညီသွားဖို့ အသင့်ရှိနေကြောင်း သံအမတ်ကြီးက ပြောပါတယ်။

 

အဲဒီစစ်ရေယာဉ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပရာချူဝပ်ခီရီခန်ပြည်မှာ မုန်တိုင်းတိုက်ခတ်စဉ် နစ်မြုပ်သွားတာဖြစ်ပါတယ်။

 

Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ကြည်း၊ ရေ၊ လေ၊ အာကာသနဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာ မှာ ပါဝင်တဲ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် အထောက်အကူပြုသွားမှာဖြစ်တယ်လု့ိ ယုံကြည်ကြောင်း ထိုင်းတပ်မတော်စစ်ဦးစီးချုပ် ဆောင်းဝတ်က ပြောပါတယ်။

 

Ref: Cobra Gold war exercises practice response to cyber and space threats

 

#PeopleMedia


Share this post