DOGE အဖွဲ့ကိုဦးဆောင်ဖို့ ထရမ့်က အီလွန်မတ်ကို ဥပဒေနဲ့မညီဘဲ ခန့်အပ်ထားကြောင်း အမေရိကန်ပြည်နယ် ၁၄ ခု ပြော

PUBLISHED - February 14, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ဖက်ဒရယ်အစိုးရအသုံးစရိတ်တွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတဲ့ အီလွန်မတ်လုပ်ရပ်တွေ ရပ်တန့်ဖို့အတွက် ရှေ့နေ ချုပ်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ကြာသပတေးနေ့) က တရားစွဲဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်မပါဘဲ အီလွန်မတ်ကို “အကန့်အ သတ်မရှိတဲ့အခွင့်အာဏာတွေ” ပေးနေတယ်လို့ နယူးမက္ကဆီကိုအပါအဝင် ပြည်နယ် ၁၄ ခုက ရှေ့နေချုပ်တွေ ဝါရှင် တန်ဒီစီက ဖက်ဒရယ်တရားရုံးမှာတင်ပြထားတဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လက ရီပတ်ဘလီကန် ထရမ့်အာဏာရလာတဲ့အချိန်မှာ Tesla ကားကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအီလွန်မတ်ကို အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ကတည်းက မတ်ရဲ့အဖွဲ့ဟာ ဖက်ဒရယ်အစိုးရဌာနတွေကို စိတ်ကြိုက်မွှေနှောက်နေပါတယ်။
မတ်နဲ့ ၎င်းရဲ့ အစိုးရအဖွဲ့အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (DOGE) ကိုလည်း အစိုးရဌာနက ကွန်ပျူတာစနစ်တွေကို ဝင် ရောက်ခဲ့တဲ့အတွက် အခွင့်အရေးချိုးဖောက်မှု လေးငါးခုနဲ့ တရားစွဲဆိုထားပါတယ်။
အခုတင်ပြလိုက်တဲ့ တရားစွဲဆိုမှုမှာတော့ အီလွန်မတ်ကို တရားဥပဒေနဲ့မညီဘဲ ခန့်လိုက်တာဖြစ်တယ်လို့ စွပ်စွဲထားပြီး နောက်ထပ် အစိုးရလုပ်ငန်းတွေမှာ ဝင်မရှုပ်အောင် တားမြစ်ပေးဖို့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
“ဒီလုပ်ရပ်ဟာ နိုင်ငံအတွက် ခြိမ်းခြောက်မှုဆိုတာ ထင်ရှားနေပါတယ်။ သမ္မတထရမ့်ဟာ ကွန်ဂရက်လွှတ်တော်ထဲက ဥပဒေနဲ့ညီညွတ်တဲ့ ခွင့်ပြုချက်တွေ မရယူဘဲ အကန်အသတ်မဲ့နီးပါး အာဏာကို မစ္စတာမတ်ကို ပေးလိုက်သလို သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း စောင့်ကြပ်ကြည့်ရှုခြင်းမရှိဘဲ လွှတ်ထားပါတယ်။ မတ်ဟာ အစိုးရအဖွဲ့အတွင်း ကမောက် ကမဖြစ်အောင်လုပ်နေတဲ့သူဖြစ်ပါတယ်။” လို့ ပြည်နယ်တွေက ပြောပါတယ်။
အိမ်ဖြူတော်ကို မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာန ငွေပေးချေရေးစနစ်တွေ၊ အမေရိကန် ကျန်းမာရေးဌာန၊ စားသုံးသူကာကွယ်ရေးဌာနနဲ့ အလုပ် သမားရေးရာဌာနတွေက လျှို့ဝှက်သတင်းအချက်အလက်တွေကို မတ်ရဲ့ DOGE အဖွဲ့ကို စစ်ဆေးခွင့်ပေးမှာလားဆိုတာ နဲ့ ပတ်သက်ပြီး DOGE အဖွဲ့နဲ့ ပတ်သက်တဲ့ လက်ရှိအခွင့်အရေးကိစ္စတွေကို ကြီးကြပ်ကိုင်တွယ်နေတဲ့ ဖက်ဒရယ်တရား သူကြီးနှစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက် (သောကြာနေ့) မှာ စဉ်းစားမယ်လို့ ဆိုပါတယ်။
မင်ဟက်တန်မှာတော့ ဒေါ်လာ ထရီလီယန်ပေါင်းများစွာ ငွေပေးချေမှုစနစ်တွေအတွက် တာဝန်ရှိတဲ့ ဘဏ္ဍာရေးစနစ် တွေကို အီလွန်မတ်အဖွ့ဲ စစ်ဆေးခွင့်ကို တားမြစ်ထားပြီး DOGE အဖွဲ့ကို ယာယီပိတ်ပင်ထားတဲ့ တရားရုံးအမိန့်ကို သက် တမ်းတိုးမြှင့်ဖို့ ဒီမိုကရက်ပြည်နယ်ရှေ့နေချုပ်တွေက တင်ပြလာတဲ့ မေတ္တာရပ်ခံချက်ကို အမေရိကန်ခရိုင်တရားသူကြီး ပေါအင်ဂလာမေယာက စဉ်းစားချင့်ချိန်သွားမှာဖြစ်ပါတယ်။
အမေရိကန်ပြည်သူ သန်းပေါင်းများစွာရဲ့ ပုဂ္ဂိလ်ရေးဆိုင်ရာလျှို့ဝှက်သတင်းအချက်အလက်တွေပါဝင်တဲ့ ငွေပေးချေမှု စနစ်တွေကို ဝင်ရောက်စစ်ဆေးဖို့အတွက် အီလွန်မတ်အဖွဲ့မှာ ဥပဒေနဲ့ညီတဲ့ အခွင့်အာဏာ လုံးဝမရှိဘူးလို့ ပြည်နယ် ရှေ့နေချုပ်တွေက ပြောပါတယ်။
Ref: US states say Trump illegally appointed Elon Musk to head DOGE
#PeopleMedia