F-16 ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းစစ်ပွဲကို အဆုံးအဖြတ်မပေးနိုင်ကြောင်း ဂျိတ်ဆူလီဗန်ပြော
PUBLISHED - July 28, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၈
အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို ပို့ပေးလိုက်တာနဲ့ စစ်ပွဲအပေါ် အကျိုးသက် ရောက်မှု ကြီးကြီးမားမား ရလာနိုင်မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ဝါရှင်တန်ဒီစီမှာ မိန့်ခွန်းပြောကြား စဉ် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ပြောကြားလိုက်ပါတယ်။
ယူကရိန်းအစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရဲ့လေကြောင်းပိုင်နက်ကိုကာကွယ်ဖို့ အမေရိကန်တိုက်လေ ယာဉ်တွေထောက်ပံ့ပေးဖို့ အသည်းအသန်တောင်းဆိုနေတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ “အမေရိကန်အစိုး ရအနေနဲ့ ယူကရိန်းကလိုအပ်နေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေပို့ပေးဖို့ အလျင်အမြန်ဆောင်ရွက်နေ ကြောင်း” ဂျိတ်ဆူလီဗန်က ပြောပါတယ်။
အဲဒီဆောင်ရွက်မှုအဆင့်တွေထဲမှာ အမေရိကန်မဟာမိတ်နိုင်ငံတွေနဲ့အတူ ယူကရိန်းလေသူရဲတွေကို လေ့ကျင့် သင်ကြားပေးဖို့နဲ့ F-16 ဂျက်တိုက်လေယာဉ်အုပ်တွေကို ရေရှည်မှာ ဘယ်လိုပြုပြင်ထိန်းသိမ်းမောင်းနှင်မလဲဆို တာတွေကို တွက်ချက်ဖို့လည်းပါဝင်ကြောင်း အက်စ်ပန်းလုံခြုံရေးဖိုရမ်မှာ ပြောကြားတဲ့မိန့်ခွန်းထဲမှာ ဂျိတ်ဆူလီ ဗန်က ပြောပါတယ်။ အဲဒီကိစ္စတွေဆောင်ရွက်နေတာမှန်ပေမဲ့ F-16 ဂျက်တိုက်လေယာဉ်တွေဟာ စစ်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
“ရုရှားနိုင်ငံမှာ စတုတ္ထမြောက်မျိုးဆက်နဲ့ ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်တွေ ခန့်မှန်းအစင်းရေ ရှစ်ရာ/ ကိုးရာလောက်ရှိပါတယ်။ အရှေ့ဘက်ဒေသနဲ့ တောင်ဘက်ဒေသတွေက ရုရှားတွေရဲ့ တန်ပြန်ထိုးစစ်တွေနဲ့ ခံစစ်တွေမှာ အဲဒီလေယာဉ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက မပါဝင်ခဲ့ပါဘူး။ ဘာ့ကြောင့် မပါဝင်ခဲ့တာ လဲ။” လို့ ဆူလီဗန်က ပြောပါတယ်။
နှစ်နိုင်ငံစလုံးမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ကောင်းကောင်းရှိနေတာမို့ ရုရှားရော ယူကရိန်းပါ နှစ် ဖက်စလုံးက စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေအတွက် အန္တရာယ်ရှိကြောင်း ၎င်းက ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေဟာ တန်ပြန်ထိုးစစ်မှာ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိမယ်လို့ အမေရိကန်စစ်ဘက် ဆိုင်ရာတပ်မှူးတွေက မယုံကြည်ပေမဲ့ ရေရှည်ခုခံကာကွယ်ရေးမှာတော့ အရေးကြီးတဲ့အခန်းကဏ္ဍကပါနေ တယ်လို့ ဆူလီဗန်က ဆက်ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကို ကူညီဖို့အတွက် F-16 ဂျက်တိုက်လေယာဉ်တွေ လုံလုံ လောက်လောက်ထောက်ပံ့နိုင်စွမ်းမရှိကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီ လီက အစောပိုင်းက ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေသူရဲတွေ F-16 ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်ပျံသန်းနိုင်ရေး လေ့ကျင့်သင်ကြားပေးဖို့အ တွက် နှစ်နဲ့ချီပြီး အချိန်ယူရမှာဖြစ်သလို ရုရှားလေတပ်အုပ်တွေကို ယှဉ်ပြိုင်နိုင်ရေး F-16 ဂျက်တိုက်လေယာဉ် တွေအတွက် အချိန်နဲ့ ငွေကြေး အများအပြားထောက်ပံ့ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ယူကရိန်းကိုတင်ပို့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ခဲ့တဲ့ တင့်ကား တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေလိုပဲ အဖျက်ဆီးခံရမှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြီးခဲ့ တဲ့လက သတိပေးပြောကြားခဲ့ပါတယ်။
Ref: F-16s will not be decisive in Ukraine – White House: RT news
#PeopleMedia