F-16 ဂျက်တိုက်လေယာဉ်တွေကိုအသုံးပြုပြီး ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေကို ယူကရိန်း ခုခံကာကွယ်ခဲ့
PUBLISHED - August 28, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၈
ယူကရိန်းလေတပ်ဟာ သြဂုတ်လ ၂၆ ရက်နေ့က ရုရှားဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကာကွယ်ရာမှာ F-16 ဂျက် တိုက်လေယာဉ်တွေကို အသုံးပြုခဲ့ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းဒေသ ၂၄ ခုအနက် သြဂုတ်လ ၂၆ ရက်နေ့မှာ ဒေသ ၁၅ ခုကို ဒုံးကျည်/ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၄၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို ကိယက်ဗ်မြို့ ရေ အားလျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိယက်ဗ်မြို့က ဆည်တစ်ခုအပါအဝင် အရပ် ဘက်အဆောက်အဦလေးငါးခု၊ စွမ်းအင်အဆောက်အဦတချို့နဲ့ ဆီလှောင်ကန်တချို့ ပျက်စီးခဲ့ပါတယ်။
အဲဒီနေ့မနက်က ရုရှားဘက်ကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၁၂၇ စင်းနဲ့ ဒရုန်း ၁၀၉ စင်းအနက် ဒုံးကျည် ၁၀၂ စင်းနဲ့ ဒရုန်း ၉၉ စင်းကို ယူကရိန်းက ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“F-16 ဂျက်တိုက်လေယာဉ်တွေဟာ တကယ့်ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အင်မတန်ကြီး မားတဲ့ ဒီရုရှားတိုက်ခိုက်မှုကြီးမှာ F-16 အကူအညီနဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတချို့ကို ကျွန်တော်တို့ ပစ်ချနိုင်ခဲ့ ပါတယ်။” လို့ ဇီလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။
“F-16 တွေ ထောက်ပံ့ပေးခဲ့တဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုံလောက် သေးပါဘူး။ နောက်ထပ် F-16 တွေ ထပ်မံလိုအပ်နေသေးသလို လေသူရဲတွေကိုလည်း ထပ်မံလေ့ကျင့်ပေးဖို့ လိုအပ်နေပါသေးတယ်။” လို့ ၎င်းက ပြောပါတယ်။
မဟာမိတ်နိုင်ငံတွေက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ပေးဖို့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းလိုက်ပြီး တစ်နှစ်အကြာ သြဂုတ်လမတိုင်ခင်လေးမှာပဲ ယူကရိန်းနိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတို့ဟာ ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ၇၉ စင်း ထက်မနည်း ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း ကတိပေးထားပြီး အခု ပထမအသုတ်မှာ ၁၀ စင်းလက်ခံရရှိ ထားပြီဖြစ်ပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို ပိုမိုမြှင်တင်ပေး သွားမှာဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒားဆူဆကီက သြဂုတ်လ ၄ ရက်နေ့က ပြောပါတယ်။
သမ္မတဇီလန်စကီးကတော့ ရုရှားကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ယူကရိန်းနိုင်ငံအတွက် F-16 ဂျက်တိုက်လေယာဉ် အနည်းဆုံး အစင်း ၁၂၀ လိုအပ်မှာဖြစ်ကြောင်း အင်္ဂါနေ့ (သြဂုတ်လ ၂၇ ရက်နေ့) ကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
Ref: Ukraine used F-16s to repel Russia’s mass missile attack, Zelensky confirms
#PeopleMedia