F-16 တစ်အုပ်လုံးဝယ်ဖို့ ချေးငွေထုတ်ချေးပေးမယ်လို့ ထိုင်းလေတပ်ကို အမေရိကန်အစိုးရ ကမ်းလှမ်း

PUBLISHED - July 4, 2024
နိုင်ငံတကာ၊ ဇူလိုင် ၄
အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တစ်အုပ်စာ ဝယ်ယူဖို့အတွက် တော်ဝင်ထိုင်းလေတပ်ကို ချေးငွေ ချေးပေးဖို့ အမေရိကန်အစိုးရက ကမ်းလှမ်းလာကြောင်း ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းက ပြောကြား လိုက်ပါတယ်။
အင်္ဂါနေ့ (ဇူလိုင်လ ၂ ရက်နေ့) မနက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲတစ်ခုမှာ အမေရိ ကန်သံအမတ် ရောဘတ်ဖရန့်ဂိုဒက်က အဲဒီလို ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။
တော်ဝင်ထိုင်းလေတပ်အနေနဲ့ တစ်ကြိမ်မှာ လေယာဉ်အစင်းရေ အနည်းငယ်စီ ခွဲဝယ်နေမယ့်အစား F-16 ဂျက် တိုက်လေယာဉ်အုပ်တစ်အုပ် တပြိုင်တည်းဝယ်ယူနိုင်အောင် ထိုင်းလေတပ်ကို လုံလောက်တဲ့ငွေကြေး ထုတ် ချေးပေးဖို့ အမေရိကန်အစိုးရမှာ ဆန္ဒရှိကြောင်း သံအမတ်က ၎င်းကိုပြောခဲ့တယ်လို့ ဆုတင်က ပြောပါတယ်။
ဒါပေမဲ့ ငွေကြေးဘယ်လောက်ချေးပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆုတင်က အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။
ကမ်းလှမ်းချက်ကို လက်ခံလိုက်ရင် ထိုင်းအစိုးရအနေနဲ့ အတိုးနှုန်းမြင့်မားတဲ့ချေးငွေရဲ့ ဝန်ထုပ်ဝန်ပိုးဒဏ်ကို ခံရ မှာဖြစ်ပြီး ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ အလားတူ ချေးငွေချေးပေးလိုတယ်လို့ တခြားနိုင်ငံတွေကလည်း ကမ်းလှမ်းထားတာတွေ ရှိကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းလေတပ်အနေနဲ့ ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်ဝယ်ရမလား အမေရိကန်ထုတ် F-16 ဂျက် တိုက်လေယာဉ်ဝယ်ရမလား ဆုံးဖြတ်ဖို့အတွက် ရွေးချယ်ဆုံးဖြတ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားဖို့ ပြီးခဲ့တဲ့လ အ စောပိုင်းက ကြေညာလိုက်ပြီးနောက်မှာ အမေရိကန်အစိုးရက အခုလို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဂျက်တိုက်လေယာဉ်အသစ် ၄ စင်းဝယ်ယူဖို့ ထိုင်းလေတပ်က ဘတ်ငွေ ၁၉ ဘီလျံကို အရန်သိမ်းဆည်းထားရှိ ပြီး လေယာဉ်နှစ်မျိုးစလုံးကို ချင့်ချိန်စဉ်းစားနေကြောင်း ထိုင်းလေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီးပန်းပက်ဒီး ပတ္တနာကူလ်က ပြောပါတယ်။
ဒါ့အပြင် F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ကွပ်ကဲရေးဌာနချုပ်တစ်ခုအဖြစ် အသုံးပြုနိုင်တဲ့ အထူး data link system တစ်ခုကို တည်ဆောက်ပေးဖို့လည်း အမေရိကန်အစိုးရက ကမ်းလှမ်းထားကြောင်း ဆုတင်က ပြောပါတယ်။
အဆိုပါ data link system ဟာ F-16 ဂျက်တိုက်လေယာဉ်တွေအတွက်သာမကဘဲ တခြားဂျက်တိုက်လေ ယာဉ်တွေအတွက်ပါ ကွပ်ကဲရေးဌာနချုပ်အဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
Ref: US offers Thai Air Force funds to buy a full fleet of F-16 jets
#PeopleMedia