F-16 တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ဖို့ ယူကရိန်းကို ဒိန်းမတ်ခွင့်ပြု
PUBLISHED - June 4, 2024
နိုင်ငံတကာ၊ ဇွန် ၄
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ မကြာခင် ယူကရိန်းကိုပို့ ဆောင်ပေးတော့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုနိုင်ကြောင်း ဒိန်းမတ်နိုင်ငံက ကြေညာလိုက် ပါတယ်။
ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ တိုက်ခိုက်နိုင်ရေးအတွက် ယူကရိန်းကို ပိုပြီးလွတ်လပ်ခွင့်ပေးဖို့ တောင်းဆိုမှု တွေမြင့်တက်နေတဲ့အချိန်မှာ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးလာလော့ကီးရက်မက်ဆန်က အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားကတည်းက စစ်ပွဲအရှိန်မြင့်တက်လာမှာစိုးရိမ်တဲ့ အတွက် အနောက်နိုင်ငံတွေကို ၎င်းတို့ထောက်ပံ့ထားတဲ့လက်နက်တွေကို ယူကရိန်းနယ်မြေအတွင်းပိုင်းမှာသာ အသုံးပြုဖို့ ယူကရိန်းကို ကန့်သတ်ထားခဲ့ပါတယ်။
ရုရှားနိုင်ငံက စစ်ပွဲကို စတင်တဲ့နိုင်ငံဖြစ်ပြီး ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တဲ့နိုင်ငံဖြစ်တာကြောင့် F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံမှာအသုံးပြုတာဟာ စစ်ပွဲရဲ့ဥပဒေတွေထဲမှာပဲရှိနေတာဖြစ် ကြောင်း ရက်မက်ဆန်က ပြောပါတယ်။
“ရုရှားဟာ ယူကရိန်းကို စတင်တိုက်ခိုက်တဲ့နိုင်ငံဖြစ်လို့ တကယ်လို့ ယူကရိန်းတွေက အဲဒီလေယာဉ်တွေကို ရုရှားနယ်မြေအတွင်းပိုင်းမှာ သုံးနေတာဆိုရင်တောင်မှ စစ်ရေးအရ တရားဝင်ပစ်မှတ်တွေကို တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။” လို့ ၎င်းက ဘရပ်ဆဲလ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အခုလို အနောက်နိုင်ငံက လက်နက်တွေကို ရုရှားပိုင်နက်ထဲအထိ တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တာဟာ ပထမဦးဆုံး အကြိမ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။
ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ ပိုလန်နဲ့ ဆွီဒင်နိုင်ငံတို့ကလည်း ၎င်းတို့ထောက်ပံ့ထားတဲ့ ဒုံးကျည်တွေနဲ့ တခြားလက် နက်တွေကိုအသုံးပြုပြီး ရုရှားပိုင်နက်ထဲအထိ ဝင်ရောက်တိုက်ခိုက်တာကို ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။
အမေရိကန်အစိုးရကလည်း အလားတူ ခွင့်ပြုလိုက်တယ်ဆိုပေမဲ့ ရုရှားတွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ ခါကိဗ်မြို့ကို ခုခံကာကွယ်ဖို့အတွက်သာ ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ခွင့်ပြုချက်ဟာ ယူကရိန်းအနေနဲ့ ၎င်းတို့မကြာခင်ပို့ဆောင်ပေးတော့မယ့် စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုပြီး ယူကရိန်းစစ်ပွဲအတွက် အထောက်အကူပေးနေတဲ့ ရုရှားနိုင်ငံထဲက ရုရှားလက်နက်တိုက်တွေနဲ့ တခြားအဆောက်အဦတွေကိုပါ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
စစ်ပွဲမှာ ရုရှားဘက်က အသာစီးရနေတဲ့အတွက် ရုရှားတပ်တွေကို တိုက်ခိုက်နိုင်အောင် အခွင့်အလမ်းတစ်ရပ် ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုခွင့်ပြုလိုက်တာဟာ F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းစိတ်တိုင်းကျ သုံးချင်သလို သုံး ခွင့်ပြုလိုက်တာမဟုတ်ကြောင်း ရက်မက်ဆန်က ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေကိုအသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာ ရုရှားအရပ်သားတွေထိ ခိုက်သေကြေစေမယ့် စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်မှုမျိုးကိုတော့ ခွင့်ပြုမှာမဟုတ်ဘဲ ကန့်သတ်ထားဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဒိန်းမတ်က ပို့ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းနိုင်ငံကို အခုနှစ် ဒုတိယသုံးလပတ်အတွင်း ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Ref: Denmark Allows Ukraine Use of F-16s for Strikes inside Russia
#PeopleMedia