F-16 တွေအသုံးပြုဖို့ ယူကရိန်းအနေနဲ့ ရုရှားလေကာစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း စစ်ရေးအကြံပေးအဖွဲ့ပြော
PUBLISHED - August 7, 2024
နိုင်ငံတကာ၊ သြဂုတ် ၇
ယူကရိန်းအနေနဲ့ အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုဖို့အ တွက် ရုရှား နောက်ပိုင်းက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးဖို့ လိုအပ်ကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ် ယူကရိန်းကိုရောက်ရှိသွားပြီဖြစ်ကြောင်း အတည်ပြုသတင်းထွက် ပေါ်လာပြီးနောက် စစ်ပွဲလေ့လာရေးအင်စတီကျူ (ISW) အဖွဲ့ရဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ဆန်းစစ် လေ့လာမှုအစီရင်ခံစာမှာ အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။
အမေရိကန်လေယာဉ်တွေကို ပစ်ချနိုင်တဲ့ ဘယ်သူ့ကိုမဆို ဆုချီးမြှင်ဖို့ အသင့်ပြင်ဆင်ထားကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့ပြီးဖြစ်တဲ့အတွက် F-16 ဂျက်တိုက်လေယာဉ်တွေဟာ ရုရှား စိတ်ဝင်စားတဲ့ ပစ်မှတ်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့က ပြောပါ တယ်။
ဒါ့ကြောင့် F-16 ဂျက်တိုက်လေယာဉ်တွေကို အသုံးမပြုခင် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တာ ဝေးပစ်လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ ယူကရိန်းအစိုးရကို ISW အဖွဲ့က တိုက်တွန်းထားပါ တယ်။
ယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ ယူကရိန်းဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့အတွက် ရုရှား တပ်တွေအသုံးပြုနိုင်စွမ်းရှိတဲ့ ရုရှားလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေဟာ ယူကရိန်းအတွက် အကြီး အကျယ်ခြိမ်းခြောက်နေတဲ့ လက်နက်တွေဖြစ်ပါတယ်။
လေယာဉ်အရေအတွက်ကို အသေးစိတ်မဖော်ပြပေမဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ရောက်ရှိနေပြီဆိုတာကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ဗီဒီယိုဖိုင်တစ်ခုထဲမှာ F-16 နှစ်စင်းပုံကို တွေ့လိုက်ရပေမဲ့ ယူကရိန်းဟာ အနောက်အုပ်စုက ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ် ၇၉ စင်း အနက် ပထမအသုတ်မှာ ၁၀ စင်း လက်ခံရရှိတာဖြစ်ကြောင်း သတင်းဌာန လေးငါးခုမှာ ရေးသားထားပါတယ်။
ရုရှားရန်ကို ကာကွယ်ဖို့ လက်ရှိအရေအတွက်နဲ့ မလုံလောက်တဲ့အတွက် အမေရိကန်ထုတ် F-16 ဂျက်တိုက် လေယာဉ်တွေကို ကိုင်တွယ်အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် ယူကရိန်းလေသူရဲတွေကို ထပ်မံလေ့ကျင့် သင် ကြားပေးဖို့ လိုအပ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းဟာ အခုနှစ်မကုန်ခင်မှာ F-16 ဂျက်တိုက်လေယာဉ် အစင်း ၂၀ လက်ခံရရှိ မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: Ukraine Needs to Destroy Russian Air Defenses to Use F-16s: Think Tank
#PeopleMedia