F-16 ပျက်ကျပြီးနောက် ယူကရိန်းလေတပ်ဦးစီးချုပ်ကို ဇီလန်စကီး ရာထူးက ဖြုတ်ချ
PUBLISHED - August 31, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၁
အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျသွားပြီးနောက် လေးရက် အကြာမှာ သမ္မတဗလာဒီမာဇီလန်စကီးက ယူကရိန်းလေတပ်ဦးစီးချုပ်ကို ရာထူးကဖြုတ်ချလိုက်ပါတယ်။
လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအော်လက်ရှက်ချ်ကို ရာထူးက ဖြုတ်ချလိုက်တဲ့ အမိန့်ကို သမ္မတရုံးဝက်ဆိုက်မှာ သောကြာနေ့ (သြဂုတ်လ ၃၀ ရက်နေ့) က တင်ထားပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဖို့လိုအပ်သလို ကျွန်တော်တို့အရာရှိတွေ၊ ကျွန်တော်တို့ စစ်သည်တွေ အားလုံးကိုလည်း ဂရုစိုက်ကာကွယ်ဖို့ လိုအပ်ပါတယ်။ ယူကရိန်းတပ်မတော်ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအဆင့်ကို မြှင့် တင်ဖို့ လိုပါတယ်။” လို့ အမိန့်ထုတ်ပြန်ပြီး မိနစ်ပိုင်းအတွင်း ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ထည့်သွင်း ပြောကြားသွားပါတယ်။
လစ်လပ်သွားတဲ့ လေတပ်ဦးစီးချုပ်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးအနာတိုလီ ခရာဗိုနစ်ဇ်ကိုကို ခေတ္တလေတပ်ဦး စီးချုပ်အဖြစ် ခန့်အပ်ထားကြောင်း ကြည်းတပ်စစ်ဦးစီးဌာနက ကြေညာပါတယ်။
အဆိုပါ F-16 ဂျက်တိုက်လေယာဉ်ဟာ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေး ဒုံကျည်နဲ့ ပစ်ခတ်ခံရလို့ ပျက်ကျသွားတာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ ယူကရိန်းလွှတ်တော် ကာကွယ်ရေးကော်မတီဒုတိယဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ်အမျိုးသမီးတစ်ဦးကို အော်လက်ရှက်ချ်က ပြင်းပြင်းထန်ထန် တိုက်ရိုက်ဝေဖန်လိုက်ပြီးနောက် အဲဒီနေ့မှာပဲ ၎င်းကို အလုပ်ဖြုတ်ခဲ့တာဖြစ်ပါတယ်။
ကော်မတီဒုတိယဥက္ကဋ္ဌ မာရီယာနာဘက်ဇိုလာက F-16 ဂျက်တိုက်လေယာဉ် ပျက်ကျမှုဟာ မှားယွင်းပစ်ခတ် မှုကြောင့်ဖြစ်ပြီး အဲဒီလို မှားယွင်းမှုအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
အော်လက်ရှက်ချ်ကတော့ ဘက်ဇိုလာဟာ ယူကရိန်းလေတပ်ကို သိက္ခာချနေတာဖြစ်သလို အမေရိကန်လက် နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း အသရေဖျက်နေတာဖြစ်ပြီး ၎င်းရဲ့ပြောဆိုမှုတွေအတွက် နောက်ဆက် တွဲဥပဒေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
အော်လက်ရှက်ချ်ကို ရာထူးက ဖြုတ်ချလိုက်တဲ့ အမိန့်ထွက်လာချိန်မှာတော့ “အမှန်တရားက အနိုင်ရရှိမှာပါ။” လို့ ဘက်ဇိုလာက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
F-16 ဂျက်တိုက်လေယာဉ်ဟာ ပက်ထရီယော့ဒုံးကျည်ကြောင့် ပျက်ကျသွားတာဖြစ်တယ်ဆိုတဲ့ ပြောကြားချက် ကို ယူကရိန်းလေတပ်က တိုက်ရိုက်ငြင်းဆိုတာမျိုး မရှိပါဘူး။
လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန်ကျွမ်းကျင်သူတွေ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ လာရောက်ပူးပေါင်းဆောင်ရွက်နေကြောင်း လေတပ်က ပြောပါတယ်။
F-16 လေယာဉ်ပျက်ကျမှုဟာ ရုရှားတပ်တွေ ပစ်ခတ်မှုကြောင့်မဟုတ်ဘဲ လေသူရဲအမှားကြောင့်ဖြစ်စေ၊ စက် ချွတ်ယွင်းမှုကြောင့်ဖြစ်စေ ဖြစ်နိုင်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရုရှားတပ်တွေ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တနင်္လာနေ့က F-16 ဂျက် တိုက်လေယာဉ်ဘာ့ကြောင့် ပျက်ကျသလဲဆိုတဲ့အကြောင်းရင်းကို အဲဒီအချိန်ကတည်းက အသေးစိတ်ဆန်းစစ် လေ့လာမှုတွေ လုပ်နေကြောင်း အော်လက်ရှက်ချ်က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
“ဘာဖြစ်ခဲ့တယ်၊ အခြေအနေတွေက ဘာတွေဖြစ်နေတယ်၊ ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။” လို့ ရာထူးကဖြုတ်ချခံရပြီး အချိန်ပိုင်းအတွင်းမှာပဲ အော်လက်ရှက်ချ်က ရေးသားခဲ့ပါတယ်။
Ref: Zelenskyy fires Ukraine’s air force commander after deadly F-16 crash
#PeopleMedia